Pages

Tuesday, August 12, 2014

ဆောင်းဒါး နှင့် ကျွန်မဘဝ


ဆောင်းဒါး နှင့် ကျွန်မဘဝ

ညို (အမရပူရ)

ကျွန်မက မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူမြို့နယ် ထဲက ရွာတစ်ရွာ ကပါ။ မိုးခေါင်ရေရှား နွားကျောင်း၊ ဆိတ်ကျောင်း နဲ့ အသက်မွေး ရပါတယ်။ မိရိုးဖလာ အလုပ်တစ်ခုပါ။ ကံအားလျော် စွာနဲ့ ၁၉၉ဝ ပြည့်ခုနှစ်မှာ ဆယ်တန်းကို အောင်ခဲ့ ပါတယ်။ ကံဆိုးစွာနဲ့ ငွေကြေး ချို့တဲ့ မှုကြောင့် တက္ကသိုလ် ဆက်မတက် နိုင်ခဲ့ပါဘူး။ ဆယ်တန်း အောင်ပြီးဖြစ်လို့ အသက်မွေး ဝမ်းကျောင်း အလုပ်ကို ကျွန်မ စဉ်းစား ပါတယ်။ ထိုင်းမှာ အလုပ်သွားလုပ် မလား၊ တရုတ်နိုင်ငံမှာ ကုန်ကူး ကယ်ရီလုပ် သွားမလား၊ ရွာမှာပဲနေပြီး မိရိုးဖလာ အလုပ်ကိုပဲ လုပ်ရမှာလား၊ ကျွန်မ တွေဝေနေမိ ပါတယ်။ ရွာဘက် တွေမှာ ပွဲစား (လူကုန်ကူး) တွေ အများကြီးပါ။ လူတစ်ယောက်ကို ငွေကျပ် တစ်သိန်းနဲ့ လာပြီး အလုပ်အကိုင် ရရှိရေး ဝန်ဆောင်မှုတွေ ပေးကြပါတယ်။ ကျွန်မက ဆယ်တန်းကလဲ အောင်ပြီး ဖြစ်လို့ ဘဝင်လေးက နည်းနည်းရှိ နေတော့ တော်ရုံတန်ရုံ အလုပ်ကိုလဲ လုပ်ကိုင်ရမှာ မတန်ဘူးလို့ တွေးမိပါတယ်။

တစ်ရက်မှာပေါ့၊ မြို့ပေါ်က လကုန် အကြွေးပေး လာရောင်းနေကျ ဈေးသည် ရှိပါတယ်။ ဈေးသည်ဆီက ငါးခြောက်ထုပ်တဲ့ သတင်းစာ စက္ကူ အစထဲက သင်တန်း ကြော်ငြာစာ တွေ့လိုက်ရ ပါတယ်။ ဆောင်းဒါး ရက်ကန်းကျောင်း မှ သင်တန်းခေါ်စာ တစ်ခုပါ။ ကျွန်မနဲ့ သင့်တော်တဲ့ သင်တန်း တစ်ခုကို တွေ့လိုက်ရ ပါတယ်။ ဒီသင်တန်း ကတော့ ရိုးရာ လွန်းရာကျော် အချိတ် သင်တန်း ဆိုတာပါပဲ။ ဒီလိုနဲ့  ဒီသင်တန်းကို တက်ရောက်ဖို့ အတွက် ကျွန်မစုံစမ်း ရပါတော့တယ်။

ဒီသင်တန်းကို တက်ရဖို့ အတွက် မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ် ဆောင်းဒါး ရက်ကန်း သင်တန်းကျောင်း ကို ရောက်ရှိခဲ့ ရပါတယ်။ ကျွန်မအနေနဲ့ ဒီလိုနေရာ ဒေသမျိုးကို တစ်ခါတစ်ရံမှ အိပ်မက်ပင် မမက်ခဲ့ဖူးပါ။ 

ကျွန်မတို့ ရွာလေးရဲ့ ဘုန်းတော်ကြီး ကျောင်းက ဆရာတော် ရဲ့ အကူအညီနဲ့ ရောက်ခဲ့ ရတာပါ။ ကျွန်မ အလွန်ပဲ ရင်ခုန် မိပါတယ်။ ကြောက်စိတ်က တစ်မျိုး၊ ရှက်စိတ်က တစ်မျိုးနဲ့ ဒီသင်တန်းကို တက်ရဖို့ အတွက် အလွန်ပင် ကြောက်စိတ် ဝင်ခဲ့မိ ပါတယ်။ ဖြစ်မှ ဖြစ်ပါ့မလား ဆိုပြီး စိုးရိမ်ခဲ့ ရပါတယ်။ ဒီလိုနဲ့ သင်တန်းတက် ရဖို့ရက် ရလာပြီး စတက် ခဲ့ရပါတယ်။ ဆောင်းဒါး ရက်ကန်း သင်တန်းကျောင်း က ဆရာ၊ ဆရာမ တွေကလဲ ပျူပျူငှာငှာ ဖော်ဖော်ရွေရွေ နဲ့ ကြိုဆိုကြ ပါတယ်။ ကျွန်မ သင်တန်း တက်ရမယ့် နေရာကို ရောက်တော့ သင်တန်း ကြီးကြပ် ဆရာမနဲ့ တွေ့ရ ပါတယ်။ ဒီ သင်တန်းကျောင်း ကြီးက သင်တန်း မျိုးစုံနဲ့ အကျယ်ကြီးပါပဲ။ တော်တော် ပျော်စရာ ကောင်းပါတယ်။ လူမျိုးစုံ၊ စရိုက်မျိုးစုံ၊ အကျင့်မျိုးစုံ နဲ့ ကျွန်မ ယောင်လည်လည် ရောက်လာခဲ့ ပါတယ်။ ကျွန်မ အတွက်တော့ အကြီးကျယ်ဆုံး ပါပဲ။ ကျွန်မ စရောက် တုန်းက ဝမ်းနည်းပြီး ရွာကိုပဲ ပြန်ရမလားလို့ တောင်စိတ် ကူးမိ ပါသေးတယ်။ အခု ကျွန်မလိုချင်တဲ့ အတတ်ပညာကို သင်ကြား ဆည်းပူးခွင့် ရပါပြီ။ ကျွန်မ သင်တန်းကို တစ်နှစ် တက်ရပါတယ်။ ကျွန်မ သင်ကြားလိုတဲ့ ဘာသာရပ် တွေကိုလဲ သင်ကြားခွင့် ရပါပြီ။ ကျွန်မကို သင်ကြားပေးတဲ့ ဆရာမကြီး ကတော့ ဒေါ်မြင့်မြင့်စန်း ဖြစ်ပါတယ်။ သင်ကြားရတဲ့ ဘာသာရပ် တွေကတော့ ၁။ ရာပုံချဘာသာ ၂။ အဖြူချွတ် ဆေးဆိုးဘာသာ ၃။ အထည်သင်္ချာ ဘာသာ ၄။ ဒီဇိုင်းနှင့် ပင်စားထုတ်ခြင်း ဘာသာတို့ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာ အမျိုးသမီးများ အမြတ်တနိုး ဝတ်စားဆင်ယင် ခဲ့တဲ့ လွန်းရာကျော် အချိတ် လုံချည်များ ရက်ခတ်ခြင်း တို့ကို သင်ကြားခဲ့ရ ပါတယ်။ လွန်းရာကျော် ချိတ်အထည် ရက်ခတ်ခြင်း ပညာဟာ အလွန်ပဲ စိတ်ရှည် အာရုံစိုက်ရတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုရင် လုံချည်တစ်ထည် ရက်ခတ်ဖို့ အတွက် ရိုးရိုးအချိတ် ဒီဇိုင်းလုံချည် တစ်ထည်ကို ရက်ကန်းစင် တစ်စင်မှာ အမျိုးသမီး နှစ်ယောက် ရက်ခတ် ရပါတယ်။ သာမန်အချိတ် ကို ရက် ၂ဝ ကြာအောင် ရက်ခတ်ရ ပါတယ်။ ဒီဇိုင်းအဆန်း၊ ချိတ်လှိုင်း အစိပ်များ ရက်ခတ်ရလျှင် အလုပ်သမား နှစ်ယောက် ရက်ခတ်ရပြီး နှစ်လမှ သုံးလအထိ ခတ်ရပါတယ်။ ကျွန်မဘဝအတွက် အတတ်ပညာတစ်ခုကို ရလိုက်ပါပြီ။ ရိုးရာလွန်း ရာကျော်အချိတ် ရက်လုပ်ခြင်း အတတ်ပညာဟာ အလွန်နက်နဲ ခက်ခဲတဲ့ ပညာရပ်ဆိုတာ သိခဲ့ရ ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ တစ်နှစ်တာ သင်တန်းပြီးဆုံး ခဲ့ပါပြီ။ ကျွန်မ သူငယ်ချင်း တွေလဲ အများကြီး ရနေပါပြီ။ ကျွန်မ အလွန်ပင် ဝမ်းနည်းမိ ပါတယ်။ ကျွန်မ ဒီသင်တန်းကို တက်တုန်းက ဝမ်းနည်းသလို အခုတစ်ခါ ကျောင်းဆင်း ရပြန်တော့လဲ မပြန်ချင်ဖြစ် နေရော။ ကျွန်မ အလုပ်လုပ် ရပါတော့မယ်။ ကျွန်မတို့ ကျောင်းက ဆရာမက အလုပ်ရုံ တစ်ခုကို အပ်ပေး ပါတယ်။ ကျွန်မ အခု အလုပ်လုပ် နေပါတယ်။ ရိုးရိုးသားသား ကြိုးကြိုးစားစား နဲ့ အလုပ်ကို လုပ်ပါတယ်။

အလုပ်လုပ်ရင်း နဲ့ အဝေးသင် တက္ကသိုလ်က ဘွဲ့တစ်ခုကို ရခဲ့ပါပြီ။ ကျွန်မ အခု အဆင်ပြေနေ ပါပြီ။ ကျွန်မမှာ အသက်မွေး ဝမ်းကျောင်း အတတ် ပညာတစ်ခုကို ဒီ ဆောင်းဒါး ရက်ကန်း သင်တန်းကျောင်း က သင်ကြား ပေးခဲ့လို့ ရိုးရာ လွန်းရာကျော် ချိတ်ရက်ခတ်ခြင်း အတတ်ပညာကို တတ်မြောက်သွား ပါပြီ။ ကျွန်မဘဝ အတွက် ခိုင်လုံတဲ့ ဘဝအာမခံချက် တစ်ခုကို ရရှိ သွားပါပြီ။ ကျွန်မလို မိန်းကလေးမျိုး တွေလဲ ကျွန်မလို ဖြစ်စေချင် ပါတယ်။ ဒီရက်ကန်း သင်တန်းကျောင်း ကို တက်ခွင့်ရတဲ့ အတွက်လဲ ကျွန်မ အလွန်ကျေနပ် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီ အသက်မွေး ဝမ်းကျောင်း ပညာရပ်များ တွင်သာမက လိမ္မာရေးခြား ရှိအောင် မိခင်နှင့် မခြား သင်ကြား ပေးခဲ့တဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်စန်း ကိုလဲ အလွန်ပဲ ကျေးဇူးတင်မိ ပါတယ်။

အခု ကျွန်မ ရိုးရာ လွန်းရာကျော် အချိတ်ရက်ကန်း အတတ်ပညာရပ် နဲ့ အသက်မွေး ကျောင်းပြုပြီး နေထိုင် လာခဲ့တာ ယခုဆိုရင် အလုပ်ရုံ တစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့ပါပြီ။ ဘဝကို ရပ်တည် ရင်ဆိုင်နိုင်ဖို့ အတွက် လက်မှု အတတ်ပညာ တစ်ခုကို ဆောင်းဒါး ရက်ကန်း သင်တန်း ကျောင်းကြီး က တတ်မြောက်အောင် သင်ကြားပေးလို့ ကျေးဇူးဆပ်လို့ မကုန် ဖြစ်ရပါတယ်။

အခုကျွန်မ ရိုးရာ လွန်းရာကျော် ချိတ်သင်တန်း တတ်ခဲ့ရတဲ့ ရက်ကန်း ကျောင်းဟာ အရင်ကထက် အများကြီး ပြောင်းလဲခဲ့ ပါတယ်။ နိုင်ငံတော် သမ္မတ လမ်းညွှန်ချက် နဲ့ အရင်က ဆောင်းဒါး ရက်ကန်းကျောင်း ဟာ ယခု '' ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေး ပညာသိပ္ပံ '' ဆိုပြီး အထည်အလိပ် အတတ်ပညာ ဒီပလိုမာ တစ်နှစ် သင်တန်း၊ ရိုးရာ လွန်းရာကျော် ချိတ်သင်တန်း၊ ရွှေချည် ငွေချည်ထိုး သင်တန်း နှင့် အခြား ကာလတို သင်တန်းများ၊ စက်ရက်ကန်း နှစ်လ သင်တန်းများ ဖွင့်လှစ် ပေးပြီးတော့ အဆင့်မြင့်တင် ခဲ့ပါတယ်။ ကျွန်မတို့ ကျောင်းတက် တုန်းကထက် ယခု အများကြီး ပြောင်းလဲ ခဲ့ပါပြီ။ အခုဆိုရင် ဆောင်းဒါး နှစ် ၁ဝဝ ပြည့်ကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ကြားသိ ရတော့ အလွန်ပဲ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရ ပါတယ်။

နှစ် ၁ဝဝ ပြည့်ပွဲကို တက်ရောက် နိုင်ဖို့အတွက် ကျွန်မ ပြင်ဆင်ရတော့ မယ်လေ။ ကျွန်မ သင်ကြား လေ့လာခဲ့ရတဲ့ ဆောင်းဒါး ရက်ကန်းကျောင်း ဟာ အလွန်ပဲ သာယာလှပ နေမှာပါ။ နှစ်ပေါင်းများစွာ ခွဲခွာ လာခဲ့ရတဲ့ သင်တန်းကျောင်း ကို ရောက်အောင် တော့ သွားရဦး မှာပါ။ ဆရာ၊ ဆရာမ ကြီးတွေကိုလဲ ဦးခိုက် ကန်တော့ ရဦးမယ်လေ၊ သူငယ်ချင်း များလဲ တွေ့ကြဦး ရမှာပါ။

ကျွန်မလို ဘဝပေး ချို့တဲ့သူ မိန်းကလေးတွေ အတွက် တခြားနိုင်ငံမှာ သွားရောက်ပြီး အလုပ် သွားလုပ်စရာ မလိုတော့ပါ။ မြန်မာ မိန်းကလေး တို့အတွက် မြန်မာပြည်မှာ အလုပ်ရှိတယ်။ မြန်မာ့ဂုဏ်၊ မြန်မာ့ သိက္ခာကိုထိန်းသိမ်းဖို့ အတွက် မြန်မာ့သွေး၊ မြန်မာ့သတ္တိ၊ မြန်မာ့စိတ်ဓာတ် နဲ့ မြန်မာပြည် မှာပဲ မြန်မာ မိန်းကလေးတွေ ဒီလို အဖိုးတန်တဲ့ ဆောင်းဒါး ရက်ကန်း ကျောင်းကို တက်ရောက်ပြီး နိုင်ငံတော်ရဲ့ အစိုးရ အလုပ်ရုံ၊ စက်ရုံတွေမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင် အလုပ်ရုံ ထူထောင်တာပဲ ဖြစ်ဖြစ် ကြိုးစားကြ စေလိုကြောင်း သတင်းကောင်းလေး ပေးလိုက် ပါတယ်။

#Yadanarpondaily

No comments:

Post a Comment