Pages

Tuesday, August 26, 2014

မော်တော်ကား လမ်းတံတား နှင့် လူတို့စံ ကိုက်ညီရေး


မော်တော်ကား လမ်းတံတား နှင့် လူတို့စံ ကိုက်ညီရေး

ကမ္ဘာ့ နိုင်ငံများတွင် နိုင်ငံအမည် နှင့် မြို့တော်အမည် တူညီသော နိုင်ငံ အနည်းငယ်သာ ရှိကြရာမှ စင်ကာပူ သမ္မတ နိုင်ငံသည် စင်ကာပူ မြို့တော် အမည်နှင့် တူညီသည့် နိုင်ငံဖြစ်ပြီး နိုင်ငံ အကျယ်အဝန်း ဧရိယာ ၂၅ဝ စတုရန်းမိုင် အတွင်း၌ လူဦးရေမှာ ငါးသန်းကျော် နေထိုင်လျက် ရှိကြောင်း ၂ဝ၁၃ ခုနှစ် စာရင်းများ အရ သိရသည်။

စင်ကာပူနိုင်ငံ အတွင်း မော်တော်ကားလမ်း အရှည် စုစုပေါင်း ကီလိုမီတာ ၃၄ဝဝ ရှိပြီး စက်တပ် ယာဉ်ပေါင်း ၉၇ဝဝဝဝ ကျော် ရှိသည်။ စင်ကာပူနိုင်ငံ ၏ မြောက်ဘက်တွင် တည်ရှိပြီး နယ်နိမိတ်ချင်း ထိစပ်နေသော မလေးရှား နိုင်ငံ၌ လူဦးရေ ၂၉ သန်း နေထိုင်လျက် ရှိပြီး မော်တော်ကားလမ်း အရှည် စုစုပေါင်း ကီလိုမီတာ ၁၄၅ဝဝဝ ပေါ် ၌ ယာဉ်ပေါင်း ၂၂ သန်း ရှိသည်။

စင်ကာပူနိုင်ငံ နှင့် မလေးရှား နိုင်ငံ တို့သည် မော်တော်ကား လမ်းဖြင့် ဆက်သွယ် ထားသဖြင့် နှစ်နိုင်ငံ ကုန်စည် ကူးသန်း ရောင်းဝယ်ရေးနှင့် တစ်နိုင်ငံမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ သည် အခြား တစ်နိုင်ငံသို့ လွယ်ကူစွာ သွားရောက် လည်ပတ် နိုင်သော အနေအထား ရှိသည်။ မလေးရှားနိုင်ငံ မှ စင်ကာပူနိုင်ငံ အတွင်းသို့ နေ့ချင်းပြန် ခရီး ဝင်ရောက် လာသော မော်တော်ယာဉ် စီးရေမှာ နေ့စဉ်ပျမ်းမျှ စီးရေ ၅၁ဝဝဝ ခန့်ရှိကြရာ ကုန်တင် မော်တော်ယာဉ် ၃ဝဝဝ၊ အခြား လူစီးယာဉ်ကြီး နှင့် ယာဉ်ငယ် ၁၃ဝဝဝ နှင့် မော်တော် ဆိုင်ကယ် ၃၅ဝဝဝ ခန့်ရှိသည်။ ထို့ကြောင့် စင်ကာပူ နိုင်ငံအတွင်းရှိ မော်တော်ကားလမ်း တစ်ကီလိုမီတာ အကွာအဝေး အတွင်း၌ မောင်းနှင်နေသော မော်တော်ယာဉ် အရေအတွက်မှာ ပျမ်းမျှအားဖြင့် ၂၈၅ စီး ရှိကြောင်း စင်ကာပူ နိုင်ငံထုတ် သတင်းစာက ဖော်ပြ ထားသည်။

မလေးရှားနိုင်ငံ ရှိ မော်တော်ကားလမ်း တစ်ကီလိုမီတာ အကွာအဝေး အတွင်း၌ မောင်းနှင်နေသော မော်တော်ယာဉ် အရေအတွက်မှာ စီးရေ ၁၅ဝ ရှိသည်။ မလေးရှား နိုင်ငံ၌ နှစ်စဉ် လူဦးရေ တိုးလာ သကဲ့သို့ မော်တော်ယာဉ် စီးရေ ကလည်း ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးလာ နေခြင်းကြောင့် မလေးရှားမှ စင်ကာပူသို့ နေ့စဉ် သွားရောက်မည့် ယာဉ်စီးရေ ပိုမိုများပြား လာမည် ဖြစ်ပြီး စင်ကာပူနိုင်ငံ အတွက် လမ်း အသုံးပြုခ ကောက်ခံ ရရှိမှု ပိုမို များပြား လာနိုင်သည်။

မလေးရှားနိုင်ငံမှ ဝင်ရောက် လာသော မော်တော်ယာဉ် များအတွက် စင်ကာပူ နိုင်ငံက လမ်း အသုံးပြုခ ကောက်ခံရာတွင် ကုန်တင်ယာဉ် များအား လျှော့ပေါ့ ကောက်ခံလျက် ရှိရာ တစ်နေ့တာ အတွက် စင်ကာပူ ဒေါ်လာ ၁ ဒသမ ၃၃ ဒေါ်လာသာ ပေးဆောင် ရသော်လည်း အခြား လူစီးယာဉ်ကြီး နှင့် ယာဉ်ငယ် များမှာ တစ်နေ့တာ အတွက် စင်ကာပူ ဒေါ်လာ ၃၅ ဒေါ်လာ ပေးဆောင် ရသည်။ နေ့စဉ် ဝင်ထွက် သွားလာနေသော မော်တော်ကား များသည် တစ်နှစ်လျှင် ၁ဝ ရက် အခမဲ့ သွားလာခွင့်ပြု ပေးသည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် များနှင့် အခြား ရုံးပိတ်ရက် များတွင် ညနေ ၅ နာရီမှ နောက်တစ်နေ့ နံနက် ၂ နာရီအထိ အခမဲ့ ဝင်ထွက် သွားလာခွင့်ပြု ထားသည်။

စင်ကာပူနိုင်ငံ ရှိ စားသောက်ကုန် လုပ်ငန်းများ အတွက် လိုအပ်သော ကုန်ကြမ်းများကို မလေးရှား နိုင်ငံမှ ကုန်ကားကြီး များဖြင့် တင်ပို့ခြင်း၊ ကုန်ထုတ် လုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများ နှင့် ဝန်ဆောင်မှု လုပ်ငန်းများသို့ သွားရောက် အလုပ် လုပ်ကိုင်ခြင်း တို့အတွက် မလေးရှား နိုင်ငံသား အများစုက စင်ကာပူ နိုင်ငံအတွင်း သို့ နေ့စဉ် နေ့ချင်းပြန် သွားလာလျက် ရှိကြသည်။

မြန်မာနိုင်ငံ အတွင်းမှ ဖြတ်သန်း သွားသည့် အာရှစင်္ကြံ လမ်းမကြီး များ၏ ဆက်သွယ်ရေး လမ်းကြောင်း ဖွံ့ဖြိုး လာချိန်တွင် လမ်းနှင့် တံတားများ၏ စံချိန်စံညွှန်း၊ လမ်း အသုံးပြုသူ နှင့် လမ်းမကြီးများ နှင့် အနီးဆုံး မြို့ရွာတို့တွင် နေထိုင်ကြသော ပြည်သူတို့၏ စည်းကမ်းရှိမှု စံတို့ အထူး ကောင်းမွန်မှု ရှိရန် လိုအပ် လှပေသည်။ ။ 

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment