Pages

Wednesday, August 13, 2014

အနုပညာ နှင့် လူမှုအခွင့်အရေး ဆိုင်ရာ အာဆီယံ လူငယ် အနုပညာပြိုင်ပွဲ အာဆီယံအဆင့် အကောင်းဆုံးဆု ကို မြန်မာနိုင်ငံက ပထမဆွတ်ခူး


နေပြည်တော် ၊ ၁၃-၈-၂၀၁၄

အာဆီယံ နိုင်ငံများတွင် အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ကြေညာစာတမ်း ( ASEAN HUMAN RIGHT CHARTER ) နှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများရှိ လူငယ်များ အကြား ပြန့်ပွား သိရှိ နားလည်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန နှင့် အာဆီယံ ယဉ်ကျေးမှု နှင့် ပြန်ကြားရေး အမျိုးသား ကော်မတီ တို့ ပူးပေါင်း ကျင်းပသည့် အနုပညာ နှင့် လူမှု အခွင့်အရေး ဆိုင်ရာ အာဆီယံ လူငယ် အနုပညာ ပြိုင်ပွဲအား ဇွန်လ ၈ ရက်တွင် အမျိုးသား အဆင့် ပန်းချီ ပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား အဆင့်ဆု အဖြစ် မအေးမြတ်သန္တာအောင် ၏ ပန်းချီကား ကို ရွေးချယ် ခဲ့သည်။ ထို့နောက် အာဆီယံ ၁၀ နိုင်ငံ ဒေသအဆင့် ပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင် ခဲ့ရာ မြန်မာနိုင်ငံ မှ ပေးပို့သော အမျိုးသား အဆင့် ဆုရပန်းချီ ကားကို အာဆီယံ ဒေသအဆင့် အကောင်းဆုံး ဆုလက်ရာ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ ဒုတိယနှစ် ပန်းချီ ပညာဌာန တွင် ပညာ သင်ကြားနေသော မအေးမြတ်သန္တာအောင် ၏ ဆုရ ပန်းချီကား ခေါင်းစဉ်မှာ Equal and Peace for Everyone ဖြစ်ပြီး အကြောင်းအရာ မှာ အာဆီယံ ဒေသတွင်း နိုင်ငံရေး ၊ စီးပွားရေး ၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး ၊ လူမှုရေး ၊ ပညာရေး ၊ ကိုးကွယ် ယုံကြည်မှု ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းအရာ များကို စုစည်းပြီး ပန်းချီကား ဖွဲ့စည်းမှု နှင့် ဒီဇိုင်း ဖွဲ့စည်းမှု ပုံသဏ္ဍာန်ဖြင့် ပေါ်လွင်အောင် ရေးဆွဲ တင်ပြ ထားခြင်း ဖြစ်သည်။

အမျိုးသား အဆင့် ဆုရရှိမှု အတွက် အမေရိကန် ဒေါ်လာ ၄၅၀ နှင့် အာဆီယံ ဒေသအဆင့် ဆုရရှိမှု အတွက် ချီးမြှင့်ငွေ အမေရိကန် ဒေါ်လာ ၂၀၀ အသီးသီး သတ်မှတ် ထားသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် ကျင်းပခဲ့သည့် အာဆီယံ အစိုးရများ ဆိုင်ရာ လူ့ အခွင့်အရေး ကော်မရှင် ၏ အထူး အစည်းအဝေး တွင် အနုပညာ နှင့် လူမှု အခွင့်အရေး ဆိုင်ရာ အာဆီယံ လူငယ် အနုပညာ ပြိုင်ပွဲကို ကျင်းပရန် သဘောတူ ခဲ့သည်။

အဆိုပါ အာဆီယံ ဒေသဆိုင်ရာ ပထမဆုကို သြဂုတ်လ ၁၈ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့ရှိ အာဆီယံ ရုံးချုပ်၌ အခမ်းအနားဖြင့် ပေးအပ်မည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment