Pages

Wednesday, August 13, 2014

လူ့ဘောင်သာဖို့ မေတ္တာပို့


လူ့ဘောင်သာဖို့ မေတ္တာပို့

မြန်မာ လများ၏ ငါးလမြောက်မှာ ဝါခေါင်လ ဖြစ်သည်။ မိုးဥတုတွင် ပါဝင်ပြီး မိုးများသော လ ဖြစ်သည်။ မြစ်ချောင်းများ ရေပြည့်လျှံသော အချိန် ဖြစ်သည်။ မြန်မာမှု အရ ဝါခေါင်လကို သိဟ်ရာသီဟု ခေါ်ပြီး စန်းပြည့် နက္ခတ်မှာ သရဝဏ် နက္ခတ် ဖြစ်သည်။ ဗျိုင်းတာရာ နှင့် ယှဉ်လျက် ရာသီရုပ်မှာ ခြင်္သေ့ရုပ် ဖြစ်သည်။ ငါးလမြောက် ဖြစ်၍ ရက်မစုံသော လ ဖြစ်သည်။ ရာသီပန်းမှာ ခတ္တာပန်း ဖြစ်သည်။ ရာသီ ပွဲတော်မှာ ''စာရေးတံပွဲ'' ဖြစ်သည်။

ဝါခေါင်လတွင် အညာဒေသ၌ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင် တို့ ပွင့်ကြပြီး မိုးမှာလည်း သဲသဲမဲမဲ ရွာလေ့ မရှိပေ။ အညာ ဒေသသည် မိုးရွာသွန်းမှု နည်းပြီး မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ၌ မိုးရွာသွန်းမှု များလေ့ ရှိသည်။

ဝါခေါင် လပြည့်နေ့ သည် ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် တို့ အထွတ်အမြတ် ထားသော '' မေတ္တာ အခါတော်နေ့'' ဖြစ်သည်။ မေတ္တာဟူသည် သန့်စင် အေးမြလှ၏။ သူတစ်ပါး၏ ကောင်းကျိုး စီးပွားကို လိုလား၏။ အငြိုး အာဃာတ ကို ပယ်ဖျောက် တတ်၏။ သူတစ်ပါး ကောင်းကျိုးကို ဆောင်ရွက် ပေးတတ်သော သဘော ရှိလေသည်။

မေတ္တာ ဟူသည် အစိုဓာတ်၊ အအေးဓာတ်၊ အစေးဓာတ် ရှိသည်။ တစ်ဦးနှင့် တစ်ဦး အစေး မကူးခြင်း၊ အစေး မကပ်ခြင်းမှာ မေတ္တာ မထားနိုင်ခြင်း၊ မေတ္တာပြယ် နေခြင်းကြောင့် ဖြစ်သည်။ အရာရာတွင် အောင်နိုင်ဖို့၏ စည်းလုံး ညီညွတ်မှု မောင်းနှင်အား သည် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အပြန်အလှန် မေတ္တာထားရန် လိုအပ်သည်။

မြတ်စွာ ဘုရားရှင်က မေတ္တသုတ် နိဒါန်းတွင် မေတ္တာ ဘာဝနာ ပွားများသူတို့ လိုက်နာပြုကျင့် ထိုက်သော တရားများကို မိန့်မှာတော် မူသည်။ ''မေတ္တာစွမ်းအား ရှိရမည်။ ကာယကံ၊ ဝစီကံ ဖြောင့်မှန်၍ မှန်တာလုပ် ဟုတ်တာပြော ရမည်။ စိတ်သဘောထား အထူး ဖြောင့်မတ် ရမည်၊ ပညာရှိ သူကောင်း စကား နားထောင် ရမည်။ နူးညံ့ သိမ်မွေ့၍ မာန်မာန ကင်းရမည်။ ရောင့်ရဲနိုင် ရမည်။ လွယ်ကူစွာ အသက်မွေး ရမည်။ ငြိမ်သက်သော ဣနြေ္ဒရှိပြီး ရင့်ကျက်ရမည်။ ကိုယ်၊ နှုတ်၊ နှလုံး ကြမ်းတမ်းမှုမှ ကင်းဝေး စေရမည်။ ငါ့ဆွေမျိုး၊ ငါ့မိသားစု ဟူသော အစွဲ ကင်းရမည်'' စသည်ဖြင့် မြွက်ကြားတော်မူ ခဲ့သည်။

ထို့ပြင် ''လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ် များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ၊ ဝေးနေနီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ၊ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ၊ ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲ ပါစေ၊ ကြီး ငယ် အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ၊ ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ'' စသည်ဖြင့် အရပ် ရှစ်မျက်နှာ၊ အရပ် ဆယ်မျက်နှာ မေတ္တာပို့ ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဝါခေါင်လတွင် လူ့ဘောင် လောက၌ မိမိတို့ ရည်မှန်းချက် တစ်ခုခု အောင်မြင် လိုလျှင်၊ တစ်ဦး နှင့် တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အဆင်ပြေ အစေးကပ် စေလိုလျှင် မေတ္တာ ထားပါ၊ မေတ္တာ ပွားပါ၊ မေတ္တာဖြင့်သာ ဆောင်ရွက်ကြ ပါဟု တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment