Pages

Monday, August 18, 2014

နှစ်ပေါင်း တစ်သိန်း အလို


နှစ်ပေါင်း တစ်သိန်း အလို

ယောနသံ

မာယာလူမျိုး တို့၏ ပြက္ခဒိန်ကြောင့် ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ ပျက်လိမ့်မည် ဟူသော ကောလာဟလ အိပ်မက်ဆိုး ကြီးမှ လွန်မြောက် လာသော ကမ္ဘာကြီးသည် လူသားတို့၏ ပယောဂ ကြောင့် ဖြစ်ပေါ် လာသော စစ်မက် ဘေးဒဏ်၊ အဖျက်စွမ်းအား ကြီးမားသည့် လက်နက်များ စမ်းသပ်မှု၊ လောင်စာဆီ အသုံးပြုမှုဖြင့် လှုပ်ရှား လှည့်ပတ် ရသော စက်ပစ္စည်းမှ ထွက်ရှိလာသည့် လေထု ညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်စေသည့် အဆိပ်နှင့် တူသော အငွေ့အသက်များ၊ သစ်တော ပြုန်းတီးမှု များကြောင့် ဖြစ် ပေါ်လာသည့် ရာသီဥတု ဖောက်ပြန်မှု ဒဏ်များနှင့် သဘာဝ တရားကြီး မှ ပေးအပ်သော ဘေးဒဏ်များ စသည်တို့ဖြင့် မူလခန့်မှန်း ထားသည့် နှစ်သန်းပေါင်း ၁ဝဝ ထက် နှစ်သန်း ၆ဝ ပိုမို အိုဟောင်း နေသော ကမ္ဘာကြီးသည် အက်ကြောင်း များစွာ ထနေပေပြီ။


ကမ္ဘာကြီး၏ ၂ဝ၁၄ ခုနှစ် စာမျက်နှာ အဖွင့်သည်လည်း ကြမ်းတမ်း လှပေစွ။ လူ အစုလိုက် အပြုံလိုက် သေဒဏ်ချခံ ရမှုများ၊ ဆိုးရွား ပြင်းထန်သော အပူချိန် မြင့်မားမှု များနှင့် အအေး လွန်ကဲမှုများ အပါဝင် ပျောက်ခြင်းမလှ ပျောက်ဆုံး သွားသော မလေးရှား MH 370 လေယာဉ်၊ ယခု ရက်ပိုင်း မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်နှင့် ပစ်ချခံရသည်ဟု ယူဆရသော MH 17 လေယာဉ်၊ တောင်ကိုရီးယား နိုင်ငံ၏ သင်္ဘော နစ်မြုပ်မှု စသည် ဖြင့် လူ အမြောက်အမြား အစုလိုက် အပြုံလိုက် သေဆုံးမှုတွေ အပါအဝင် ယူကရိန်း နိုင်ငံ၏ စစ်မြေပြင်၊ ဂါဇာကမ်းမြောင် ဒေသ၏ စစ်မြေပြင်၊ မပြီးဆုံး သေးသော အာဖဂန်နစ္စတန် နိုင်ငံနှင့် အီရတ်နိုင်ငံ တို့ရှိ တိုက်ပွဲများ၊ ဆီးရီးယား အရေးကိစ္စ စသည့် စစ်ပွဲပေါင်း များစွာတို့နှင့် အတူ ယခုရက်ပိုင်း မုန်တိုင်း သမိုင်း၌ အပြင်းထန်ဆုံးဟု တင်စား ထားသော တိုင်ဖွန်း ရာမာဆန် မုန်တိုင်း စသည်တို့ဖြင့် အနိဋ္ဌာရုံများ ပြည့်နှက် နေသော ၂ဝ၁၄ ခုနှစ် စာမျက်နှာ၊ HIV က ဆေးမတွေ့သေး သောကြောင့် ပျာယာခတ် နေချိန်တွင် အီဘိုလာ ဗိုင်းရပ်စ်က ကမ္ဘာမြေပေါ် ရောက်ရှိ လာခဲ့ပေပြီ။

မီးတောင် ပေါက်ကွဲခြင်း၊ ငလျင် လှုပ်ခြင်း၊ ဥက္ကာပျံတို့နှင့် တိုက်မိခြင်း စသည့် သဘာဝ ဘေးဒဏ် များကြောင့် အက်ကြောင်းထ နေသော ကမ္ဘာသည် ဥရောပ အာကာသ အေဂျင်စီပိုင် Swarm က ဂြိုဟ်တုမှ ပေးပို့သော အချက်အလက်များ အရ စကြာဝဠာ တစ်ခွင်မှ အန္တရာယ် ကြီးလှသော အာကာသ ရောင်ခြည် လှိုင်းများ ကမ္ဘာကြီးကို တိုက်ရိုက် ထိမှန်ခြင်း မရှိစေရန် ကာကွယ် ထားသော ကမ္ဘာ့ သံလိုက်စက်ကွင်း အားပျော့မှုသည် ပိုမိုမြန်ဆန် လာသည့် အတွက် များမကြာမီတွင် ကမ္ဘာ့ဒေသကြီး တစ်ခုခု တွင် သံလိုက်စက်ကွင်း အကာအကွယ် လုံးဝ မရှိတော့သည့် အလား ဖြစ်ပျက် သွားကာ ကြီးလေးသော ဘေးဥပဒ် အန္တရာယ်များ နှင့် ကြုံတွေ့နိုင် ရကြောင်း ဟူသော သတင်းတစ်ပုဒ် ကိုလည်း ရတနာပုံ သတင်းစာ ၌ ဘာသာပြန် ထားသည်ကို တွေ့ရှိရသည်။ မည်သို့ဆိုစေ ကမ္ဘာကြီးသည် တဖြည်းဖြည်း ဆုတ်ယုတ် ပျက်စီးနေခြင်း မှသည် လျင်မြန်စွာ ပျက်စီး ယိုယွင်းခြင်း သို့ ဦးတည်နေခြင်း ပင် ဖြစ်သည်။

ဤနေရာ၌ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ ရေးသားသော ကိုယ်ကျင့် အဘိဓမ္မာ ကျမ်းစာအုပ် စာမျက်နှာ ၂၉၇ တွင် ကမ္ဘာပျက်ပုံ ဟူသော အခန်းကဏ္ဍ ၌ ဖြစ်ဖြစ်သမျှ အရာဝတ္ထု အစုစုသည် တစ်နေ့ကျလျှင် ဧကန် ပျက်ရမည့် အနိစ္စ တရားသာ ဖြစ်သည်။ ထို့ကြောင့် သတ္တဝါတို့ တည်နေရာ ဤ ကမ္ဘာ လောကကြီးလည်း ထို အနိစ္စ နယ်တွင် ပါဝင်ရကား ခိုင်မြဲ တည်တံ့ နိုင်မည် မဟုတ်။ တစ်နေ့ ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောက ပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေ အားဖြင့် သုံးမျိုး ရှိ၏။ မီးကြောင့် ပျက်စီးရမည့် ကမ္ဘာတွင် နေခုနစ်စင်း ထွက်မည်ဟု ပြဆိုထားပြီး ဤ ကမ္ဘာ လောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်း ထ၍ ကမ္ဘာ လောကကြီး တစ်ခုလုံး လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မဘုံ တို့သည်လည်း မီးစွဲ တောက်လောင်ကာ မီးလောင်စာ မရှိ၍ ပြာမှုန်မျှ မကျန်တော့ သည့် အခါမှသာ ကမ္ဘာပျက်ခြင်း ကိစ္စပြီး လေ၏။ ထို့အတူ ရေဖျက်၊ လေဖျက် အလှည့်ကြုံသည့် အခါတွင်လည်း ဆားငန်ရေ ထိ၍ မြည့်မြည့် ကြေရပုံ၊ လေမုန်တိုင်း ကျ၍ မွမွကြေ ရပုံများကို သိပါလေ ... ဟု ရေးသားထား ပေသည်။

ယခုအခါ နေတစ်စင်း တည်းပင်လျှင် အပူရှိန် မြင့်မားမှုဒဏ်ကို အလူးအလဲ ခံနေကြ ရသည်။ ထို့ပြင် ရေလွှမ်းမိုး မှုဒဏ်၊ ပြင်းထန်သော မုန်တိုင်းဒဏ် တို့ကိုလည်း ကမ္ဘာ့နေရာ အနှံ့အပြားတွင် ခံစား နေကြ ရပေပြီ။ မြန်မာနိုင်ငံ တွင်လည်း နာဂစ်မုန်တိုင်း ဒဏ်ကို ခါးသီးစွာ ခံစား ခဲ့ကြရပြီ မဟုတ်ပါလား။ သိပံ္ပပညာရှင် များ၏ တွေ့ရှိမှု များအရ နေစကြာဝဠာ အတွင်း၌လည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်များ တွေ့နေရကြောင်း၊ ကမ္ဘာ့ကြီး ပူနွေး လာမှုကြောင့် အန္တာတိက ရေခဲပြင် အရည်ပျော်နှုန်း သည်လည်း မြန်လာကြောင်း၊ သို့ဖြစ်၍ ကမ္ဘာ့ ရာသီဥတု သည် ဆိုးရွားစွာ ဖောက်ပြန် ပျက်စီး တော့မည့် အချိန်ကာလ နှင့် နီးကပ်လာပြီ ဖြစ်ကြောင်း စသည့် သတင်းများနှင့် ပင်လယ်ရေပြင် မြင့်တက်မှု တို့ဖြစ်၍ ဤ ကမ္ဘာကြီးသည် မီး၊ ရေ၊ လေ တို့၏ ဖျက်ဆီးမှု ဒဏ်ကို ခံစားရဖို့ နီးကပ် လာချေပြီ။ ငလျင် နှင့် မုန်တိုင်း များသည်လည်း ယခုထက် ပိုမိုပြင်းထန် လာဖွယ်ရာ ရှိပေ၏။

အရှင် ဇနကာ ဘိဝံသ ၏ ကိုယ့်ကျင့် အဘိဓမ္မာ ကျမ်းစာတွင် ထိုသို့ ကမ္ဘာပျက်မည် ဟု အနှစ်တစ်သိန်း လောက်ကပင် နတ်များ ကြွေးကြော် ထားကြ သောကြောင့် ကြားကြားသမျှ သတ္တဝါတွေ ရှေးကလို မမေ့မလျော့ နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက် ခါနီး အခါဝယ် မီးမလောင်သော အထက် ဗြဟ္မဘုံသို့ ရောက်ရန် ဈာန်ကိုရကြ လေသတည်း။ ထို့ကြောင့် နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိသူ မှတစ်ပါး သတ္တဝါ ဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မပြည်၌ ဖြစ်ကြ၏။ နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိ သူတို့မှာ ငရဲသက် မစေ့သေးလျှင် မပျက်သော ကမ္ဘာသို့ ပြောင်းရွှေ့၍ ငရဲခံရ၏ ဟု ပြဆိုထားသည်။ မာယာ ပြက္ခဒိန် ကြောင့် ကမ္ဘာ ပျက်မည် ဟူသော ကောလာဟလ ကလည်း စတင်ခဲ့ လေပြီ။ သို့ဆို ပါက ကျွန်တော်တို့ တစ်တွေ နေရသော ဤ အခိုက်အတန့် ကာလ တစ်ခု၌ မေ့မေ့ လျော့လျော့ နေကြဦးမည် ဆိုလျှင်...။

#Yadanarpondaily

No comments:

Post a Comment