Pages

Friday, July 4, 2014

SSA (ရွက်ဆစ်) အဖွဲ့က လက်နက်ကြီး လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်



နေပြည်တော် ၊ ၄-၇-၂၀၁၄

SSA (ရွက်ဆစ်) အဖွဲ့မှ ခေါင်းဆောင် (စိစစ်ဆဲ) အဖွဲ့တစ်ဖွဲ့သည် ဇူလိုင် ၁ ရက် နံနက် ၃ နာရီ မိနစ် ၅ဝ ခန့်တွင် လွိုင်လင်မြို့နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး ဝင်းအား အာရ်ပီဂျီ လက်နက်ကြီးဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့ရာ ရုံးဝင်း အတွင်းရှိ ကားဂိုဒေါင်သို့ ဗုံးသီးတစ်လုံး ကျရောက် ပေါက်ကွဲ ခဲ့သည်။

ထိုသို့ ဗုံးသီး ကျရောက် ပေါက်ကွဲမှုကြောင့် ရုံးဝင်းအတွင်းရှိ ကားဂိုဒေါင် တစ်လုံး၊ ဗင်အမျိုးအစား (အဖြူရောင်) ယာဉ်တစ်စီး နှင့် ရုပ်မြင်သံကြား ဖမ်းစက် စလောင်းတစ်ခု တို့ ပျက်စီးခဲ့သည်။

အလားတူ သီပေါမြို့ရှိ နယ်မြေခံ တပ်ရင်း ဌာနချုပ်သို့ SSA (ရွက်ဆစ်) အဖွဲ့မှ ခေါင်းဆောင် (စိစစ်ဆဲ) အဖွဲ့တစ်ဖွဲ့ က ဇူလိုင် ၂ ရက် နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်တွင် ၄ဝ မမ လောင်ချာ၊ လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ တပ်ရင်း၏ အရှေ့ ဘက်တွင် ရှိသော ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဆွယ် အတွင်းသို့ ဗုံးသီးတစ်လုံး ကျရောက် ပေါက်ကွဲ ခဲ့သည်။

ထိုသို့ ဗုံးသီး ကျရောက် ပေါက်ကွဲမှုကြောင့် ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဆွယ်မှ ဒုတိယ တပ်ကြပ် ယဉ်ထွေး နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင် တို့နှစ်ဦးသည် ဗုံးစရှပ်မှန် ဒဏ်ရာ များရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

သတင်းရလျှင် ရချင်း တပ်မတော် စစ်ကြောင်းများက SSA (ရွက်ဆစ်) အဖွဲ့နောက်သို့ လိုက်လံ ရှင်းလင်းလျက် ရှိသည်။

ဒေသခံ ပြည်သူများ အနေဖြင့် SSA (ရွက်ဆစ်)အဖွဲ့၏ အပြောနှင့် အလုပ် ညီညွတ်မှု မရှိဘဲ ယခုလို ဦးတည်ရာမဲ့ ပစ်ခတ် တိုက်ခိုက်မှု များကြောင့် မိမိတို့ လုံခြုံရေး အတွက် စိုးရိမ် ပူပန်လျက် ရှိကြောင်းနှင့် တပ်မတော် နှင့် လက်တွဲ ပူးပေါင်းလျက် နယ်မြေ အေးချမ်း တည်ငြိမ်ရေး ဆောင်ရွက်ရန် ဆန္ဒ ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment