Pages

Friday, July 4, 2014

ပြည်ပသို့ မိုဘိုင်းလ်ဖုန်း သယ်ဆောင် အသုံးပြုလိုသူများ အနေဖြင့် သုံးရက်ကြိုတင် လျှောက်ထားရန်လို


ရန်ကုန် ၊ ၄-၇-၂၀၁၄

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ GSM နှင့် WCDMA ဖုန်း ကိုင်ဆောင် အသုံးပြုသူများ အနေဖြင့် ပြည်ပသို့ သယ်ယူ အသုံးပြု နိုင်သည့် Outbound Rorming ၀န်ဆောင်မှု အတွက် ၃ ရက် ကြိုတင် လျှောက်ထား ရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မိုဘိုင်းလ်ဖုန်း များဖြင့် ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင် အသုံးပြု ခွင့်ကို ယမန်နေ့မှ စတင် ခွင့်ပြုပေး ခဲ့ပြီး Prepaid ဖုန်းနှင့် Postpaid ဖုန်းနှစ်မျိုး စလုံးတွင် အသုံးပြု နိုင်ကြောင်း ၊ ထို့အပြင် Prepaid ဖုန်း သုံးစွဲသူများ အနေဖြင့် Top-Up ကတ်များကို မိမိဆန္ဒ ရှိသည့် အလျှောက် ဖြည့်တင်းရန် လိုအပ်ပြီး အဆိုပါ Top-Up ကတ်များ အသုံးပြု၍ ပြည်ပနိုင်ငံ၌ ရှိနေစဉ် ကုန်သွားပါက Top-Up ကတ် ရရှိရန် စီစဉ် ဆောင်ရွက် ထားကြောင်း သိရသည်။

ထို့အပြင် Postpaid ဖုန်း အသုံးပြုသူများ အနေဖြင့် နိုင်ငံတကာ လေဆိပ် ၀င်ထွက်ပေါက် များဖြစ်သည့် ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် ရှိ မြန်မာ့ ဆက်သွယ်ရေး ၏ တယ်လီဖုန်း အခွန် ကောက်ခံရေး ကောင်တာများ၌ မိုဘိုင်းလ်ဖုန်း International Outbound Roming ၀န်ဆောင်မှု အသုံးပြုရန် အတွက် ငွေကျပ် ၅ သိန်း ပေးသွင်း ရမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း သုံးစွဲသူများ ကို ခေါ်ဆိုမည် ဆိုပါက ပုံမှန် ပြည်တွင်း၌ ကောက်ခံနေသည့် ခေါ်ဆို နှုန်းထားအတိုင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖုန်းခေါ်ဆိုခ နှုန်းထား များကို ဇုန် ၄ ခုအဖြစ် ခွဲခြားထားပြီး အာဆီယံ နိုင်ငံများမှ မြန်မာနိုင်ငံ သို့ ခေါ်ဆိုလျှင် တစ်မိနစ်လျှင် ငွေကျပ် ၃၀၀၀ ၊ တောင်အာရှတိုက် မှ ခေါ်ဆိုလျှင် ငွေကျပ် ၃၅၀၀ ၊ အာရှ (အလယ်ပိုင်း) မှ ခေါ်ဆိုလျှင် ငွေကျပ် ၄၅၀၀ ၊ ဥရောပ ၊ အဖရိက ၊ သြစတြေးလျ နှင့် အမေရိကတိုက် မှ ခေါ်ဆိုလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကျသင့်မည် ဖြစ်ကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment