Pages

Thursday, July 10, 2014

မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မိုးစပါးစိုက်ပျိုးရန် အခက်အခဲနှင့် ကြုံတွေ့နေ



သာစည် ၊ ၁၀-၇-၂၀၁၄

သာစည်မြို့နယ် တွင် ၂ဝ၁၄ - ၂ဝ၁၅ ခုနှစ် မိုးစပါး စိုက်ပျိုးရန် ဒေသခံ တောင်သူများက စီစဉ် ဆောင်ရွက် နေကြသည်။ သို့ရာတွင် မြို့နယ် အတွင်း၌ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် စိုက်ပျိုးရေးတွင် အဓိက အားထား နေရသည့် ညောင်ရမ်းကန် နှင့် မင်းလှကန် တို့တွင် ရေသိုလှောင် နိုင်မှု နည်းပါးနေပြီး ယခုနှစ် မိုးစပါး စိုက်ပျိုးရန် တောင်သူတို့ အခက်အခဲနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

သာစည်မြို့နယ် တွင် ညောင်ရမ်းကန် နှင့် မင်းလှကန် တို့မှ ကန်ရေဖြင့် စိုက်ပျိုးကြသည့် လယ်မြေ ဧက ၅ဝဝဝ ကျော်ရှိပြီး မိုးရေကို အားထား စိုက်ပျိုး ကြသည်။ မိုးကောင်း သောက်လယ်မြေ ဧကမှာ ၃ဝဝဝ ရှိကြောင်း သိရသည်။

မိုးစပါး စိုက်ပျိုး ကြမည့် တောင်သူများ အနေဖြင့် နောက်ပိုင်း လများတွင် မိုးရွာသွန်းမှု ရှိလာပါက အသင့် ပျိုးထောင် စိုက်ပျိုး နိုင်ရန် မိမိတို့၏ လယ်မြေများကို ထွန်တစ်ရှဉ်းလျှင် ငွေကျပ် ၄ဝဝဝ ပေးပြီး ငွေကုန် ကြေးကျခံ၍ အခြောက် ထွန်ယက်ကာ မြေယာ ပြုပြင်မှု များကို ကြိုတင် ပြုလုပ် နေကြသည်ကို တွေ့ရသည်။

မိုးစပါး စိုက်ပျိုးရန် အတွက် ဝါဆိုလတွင် ပျိုးထောင်ပြီး တစ်လ ပျိုးသက်ရင့် ချိန်တွင် တော်သလင်း တမန်းအမီ ထွန်ယက်၍ စိုက်ပျိုး ကြရသည်။ သာစည်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူ အများစုမှာ အထွက်နှုန်း ကောင်းသည့် စပါးမျိုးထက် ရောင်းအား ဝယ်အား ကောင်းမွန်သည့် မနောသုခ အဆင့်(၁) စပါး အမျိုးအစား ကိုသာ ပျိုးထောင်၍ စိုက်ပျိုး ကြကြောင်း သိရသည်။

သာစည်မြို့နယ် အတွင်းရှိ တောင်သူ အများစုမှာ မိုးရွာသွန်းမှု နည်းပါး ခြင်းကြောင့် ယခုအခါ မိုးစပါး အစား အခြားသီနှံ များကို စိုက်ပျိုးရန် စီစဉ် ဆောင်ရွက် နေကြသည်။ သာစည်မြို့နယ် တွင် ၂ဝ၁၃ - ၂ဝ၁၄ ခုနှစ် မိုးစပါး စိုက်ချိန်က ကျေးရွာအုပ်စု ၈ဝ တွင် မိုးစပါးဧက ၄၇၂၃၆ ဧက စိုက်ပျိုး နိုင်ခဲ့ကြပြီး စိုက်ဧက ၄၇ဝဝ၃ ဧက အောင်မြင် ဖြစ်ထွန်း၍ တစ်မြို့နယ်လုံး အနေဖြင့် စပါးတင်း ပေါင်း ၃ဝ၄၂ဝ၃၄ တင်း ထွက်ရှိ ခဲ့ကြောင်း မြို့နယ် မြေစာရင်း ဦးစီးဌာန၏ ထုတ်ပြန်ချက် စာရင်းများ အရ သိရှိရသည်။ (ဝ၆၇)

#Yadanarpondaily

No comments:

Post a Comment