Pages

Friday, July 25, 2014

အမြင်ချင်း မတူသော်လည်း တညီတညွတ်တည်း လက်တွဲဆောင်ရွက်


အမြင်ချင်း မတူသော်လည်း တညီတညွတ်တည်း လက်တွဲဆောင်ရွက်

လောက သဘာဝ တရားအရ လူတစ်ဦးနှင့် တစ်ဦး အသားအရောင် မတူ၊ အတွေးအခေါ် အယူအဆ မတူ၊ ယုံကြည်ချက် ချင်းမတူ၊ အမြင်ချင်းလည်း မတူကြသည်ကို နားလည် လက်ခံ ပေးကြ ရမည် ဖြစ်သည်။ မိမိ၏ လက်ကို ကြည့်မည် ဆိုလျှင်လည်း တစ်ဖက်နှင့် တစ်ဖက် အတို၊ အရှည်၊ အနေအထားချင်း တူညီမည် မဟုတ်သည်ကို တွေ့ကြ ရမည် ဖြစ်သည်။

တစ်မိ၊ တစ်ဝမ်းတည်းမှ မွေးဖွား လာကြသည့် ညီရင်း အစ်ကိုများ ဖြစ်လင့်ကစား လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြမည်။ ခံယူချက်၊ အမြင်၊ ရည်မှန်းချက်ချင်း ကွဲပြား နေကြမည် ဖြစ်သည်။ ထိုသို့ မတူညီ နိုင်သည့် အရာများကို ထင်မြင် ယူဆရာတွင် တစ်ထစ်ချ ယုံကြည် ဆုံးဖြတ် လိုက်ပါက ဆန့်ကျင်ဘက် ဖြစ်သည့် ဝိရောဓိ အဖြစ်သို့ ရောက်ရှိ သွားမည် ဖြစ်သည်။ ကျိုးကြောင်း ဆီလျော်စွာ တွေးတော ကြံဆ သွားမည် ဆိုပါက အကျိုး ဖြစ်ထွန်းမည် ဖြစ်သည်။

မြန်မာတို့၏ အတိတ် သမိုင်းကို ပြန်ကြည့်မည် ဆိုလျှင် လူတစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ အဖွဲ့အစည်း အနေဖြင့် လည်းကောင်း အမြင် သဘောထားချင်း မတူညီ ကြသဖြင့် အာဃာတများ၊ ဝိရောဓိများ များခဲ့ခြင်း ကြောင့် ဝမ်းနည်းဖွယ် အဖြစ်များနှင့် ကြုံတွေ့ ခဲ့ရပြီး ဖြစ်သည်။ အတိတ် သမိုင်းမှ ရရှိခဲ့သည့် ဘဝ သင်ခန်းစာ များကို ပြန်ပြောင်း သတိပြု ဆင်ခြင်ပြီး သာယာ လှပသည့် လူ့ဘောင် အဖွဲ့အစည်း ဆီသို့ ဦးတည် လျှောက်လှမ်း ကြရမည် ဖြစ်သည်။

မိမိ နေထိုင်ရာ လောကကြီးသည် သဘာဝက အလှတရား များစွာကို အပ်နှင်း ပေးထားသည်။ အဆိုပါ အလှတရား များသည် ပကတိ သန့်ရှင်း စင်ကြယ် ရုံမျှမက ခင်တွယ် မြတ်နိုးဖွယ်လည်း ကောင်းလှသည်။ ထိုသို့ အရောင်အသွေး စုံလှသော လောက သဘာဝ တရားများကို မိမိတစ်ဦး တစ်ယောက် ကြောင့်ဖြစ်စေ၊ အစုအဝေး အဖွဲ့အစည်း ကြောင့်ဖြစ်စေ အရုပ်ဆိုး အကျည်းတန် အောင် အရောင်ဆိုး ခြင်းသည် မသမာ သူတို့၏ လုပ်ရပ်သာ ဖြစ်သည်။

မြန်မာလူမျိုး များသည် ယဉ်ကျေး သိမ်မွေ့သူများ၊ ကိုယ်ချင်းစာ တရား လက်ကိုင် ထားကြသူများ၊ ကရုဏာ တရား ကြီးမားကြ သူများ ဖြစ်ရာ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် အာဃာတ အငြိုးအတေးများ မထားကြဘဲ ခွင့်လွှတ် နားလည် သည်းခံခြင်းဖြင့် လွတ်လပ်ပြီး လူသားဂုဏ်ရည် မြင့်မားသည့် လူ့ဘောင် အဖွဲ့အစည်း ကို တည်ထောင် ကြရမည် ဖြစ်သည်။

အမြင် သဘောထား၊ ယုံကြည်ချက် အားနည်းခြင်း ကြောင့် ဖြစ်ပွား ခဲ့ရသည့် အဖြစ်အပျက် များသည် ဆုံးရှုံးမှုကိုသာ ရယူ ပိုင်ဆိုင်ကြ ရသည်မှာ အားလုံးအသိပင် ဖြစ်သည်။ သဘော တူညီမှု၊ စာနာ နားလည်မှု အားနည်း နေသမျှ မျှော်မှန်း ထားသည့် သာယာ ဝပြောသော၊ အေးချမ်း တည်ငြိမ်သော၊ အောင်မြင် တိုးတက်သော လူ့ဘောင် အဖွဲ့အစည်း ဆီသို့ ရောက်နိုင်ဦးမည် မဟုတ်ပေ။

သို့ဖြစ်ရာ သဘောထား အမြင်ချင်း မတူစေကာမူ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်များ ဖြင့် အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက် နေထိုင်ကြလျက် တိုးတက် ဖွံ့ဖြိုးမှု လမ်းကြောင်း ပေါ်သို့ မျှော်လင့်ချက် ရောင်ခြည်များ လွင့်ပြယ် မသွားစေရေး အတွက် အတ္တမာနကို ဘေးဖယ်ကာ တညီတညွတ် တည်း လက်တွဲ ဆောင်ရွက် သွားကြရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment