Pages

Saturday, July 19, 2014

အာဇာနည်ခေါင်းဆောင်ကြီး များအား ဂါရ၀တရား နှင့် လေးစားဦးညွတ်


အာဇာနည်ခေါင်းဆောင်ကြီး များအား ဂါရ၀တရား နှင့် လေးစားဦးညွတ်

ယနေ့သည် သမိုင်း အစဉ်အဆက် ပြည်သူအားလုံး မေ့မရ နိုင်သည့် ဇူလိုင် ၁၉ရက် (၆၇) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပေသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် နေ့ဖြစ်သည်။ ထိုနေ့သို့ ရောက်တိုင်း အာဇာနည် ခေါင်းဆောင်ကြီး များကို နိုင်ငံသူ၊ နိုင်ငံသား များက တလေးတစား အမှတ်တရ ရှိနေကြရန် တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်ဓာတ် ရှင်သန်စေရန် အတွက် မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာအရ ကျန်ရစ်သူ မိသားစုများကို နှစ်သိမ့် အားပေး နိုင်ရန်အတွက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပ ပေးသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ပြန်လည်ရရှိရေး အတွက် ကြိုးပမ်းစဉ် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နံနက် ၁ဝ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့လယ် အတွင်းဝန်ရုံး အတွင်း၌ အစည်းအဝေး ကျင်းပစဉ် မသမာသူ လူတစ်စု၏ လုပ်ကြံမှုဖြင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင် နှင့် ရဲဘော် ကိုထွေး တို့ ကျဆုံး ခဲ့ကြ ရသည်။

ထိုနေ့ ထိုရက် ရောက်တိုင်း ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီး များကို အောက်မေ့ သတိရ ကြသည်။ နိုင်ငံသူ၊ နိုင်ငံသား များနှင့် မိသားစု ဆွေမျိုးများက လွမ်းကြ၊ ဆွေးကြ ရသည်။ စာနယ်ဇင်း စာမျက်နှာ များပေါ်တွင် ဗိုလ်ချုပ်ပုံ နှင့် ဗိုလ်ချုပ် အကြောင်းအရာ များကို ရေးသား ဖော်ပြ ကြသည်။

လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း သည် တိုင်းပြည် ကြီးပွား တိုးတက် စေလိုသည့် ဆန္ဒကြီးမား သည်။ ဥမကွဲ သိုက်မပျက် တညီ တညွတ်တည်း စည်းစည်း လုံးလုံး နေလိုသော ဆန္ဒ ရှိသည်။ တိုင်းပြည် တိုးတက်ရန် ပြည်သူအားလုံး စုစုဝေးဝေး စည်းကမ်းတကျ ကြိုးကြိုးစားစား အလုပ်လုပ် စေလိုသော သဘောထား ပြင်းပြသည်။

ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ပင်လုံ စော်ဘွားများ ထမင်း စားပွဲတွင် ဗိုလ်ချုပ် အောင်ဆန်း က ''တစ်တိုင်းပြည်လုံး ကြီးပွား တိုးတက် စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအား နဲ့ စုပေါင်းပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ၊ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း တို့က တခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုးရှိ နိုင်မယ်။ လုပ်ကြည့်မှလဲ အကျိုးရှိကြောင်း သိနိုင်မယ်'' ဟု မိန့်ခွန်း ပြောကြား ခဲ့သည်။ ယနေ့တိုင် တိုင်းရင်းသား ပြည်သူအားလုံး မှတ်သား လိုက်နာ ဆောင်ရွက် သင့်သည့် အမှာစကားများ ဖြစ်သည်။

သို့ဖြစ်ရာ ဗိုလ်ချုပ်၏ မိန့်ခွန်းတိုင်းတွင် တိုင်းရင်းသားများ စည်းစည်း လုံးလုံး ရှိရန်၊ ပြည်သူများ အလုပ်လုပ် ကြရန်ပါရှိရာ အာဇာနည် ခေါင်းဆောင်ကြီး များကို လွမ်းဆွတ်တသ သတိရနေရုံ နှင့် မပြီးပေ။ အာဇာနည် ခေါင်းဆောင်ကြီး များ၏ နိုင်ငံ့ ကောင်းကျိုး လိုလားချက်များ အတိုင်း လိုက်နာ ဆောင်ရွက်ပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ကြရင်း အာဇာနည် ခေါင်းဆောင်ကြီး များကို ဂါရဝတရား နှင့်အတူ လေးစား ဦးညွှတ် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment