Pages

Tuesday, July 1, 2014

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ထိန်းသိမ်းမြှင့်တင်


ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ထိန်းသိမ်းမြှင့်တင်

နိုင်ငံတကာ ရေးရာများတွင် နမူနာအဖြစ် ကျင့်သုံးလျက် ရှိသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အိန္ဒိယ သမ္မတနိုင်ငံ နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တို့က ၁၉၅၄ ခုနှစ်တွင် ချမှတ် ခဲ့ကြသည်မှာ နှစ်ပေါင်း (၆ဝ) ပြည့်ခဲ့ပြီ ဖြစ်သည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်၏ နှစ်(၆ဝ)ပြည့် အထိမ်းအမှတ် ကွန်ဖရင့်ကို တရုတ်ြ ပည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး ၌ ဇွန် ၂၈ ရက်တွင် ကျင်းပခဲ့ရာ မြန်မာ - အိန္ဒိယ - တရုတ် နိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ က ပြောကြားရာ၌ '' ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်ကို အချုပ်အခြာ အာဏာပိုင် နိုင်ငံများ အကြား ဆက်ဆံရာတွင် သာတူညီမျှ နှင့် အပြန်အလှန် လေးစားမှု အတွက် လမ်းညွှန် ပေးသော စံနှုန်းများ အဖြစ် တရားဝင် ကြေညာခဲ့ ပါကြောင်း၊ ထိုအချိန်မှ စတင်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ခဲ့သည့် ကြေညာချက် အပါအဝင် အဓိက နိုင်ငံတကာ ကြေညာချက် များတွင်လည်း ပါဝင် လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေး မူဝါဒ သည်လည်း ယင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်အပေါ် အခြေခံ ထားခြင်း ဖြစ်သည်ကို မိမိအနေဖြင့် ဂုဏ်ယူစွာ ပြောကြား လိုပါကြောင်း၊ မိမိတို့ အိမ်နီးချင်း သုံးနိုင်ငံ၏ဆက်ဆံရေးကို ပြန်ကြည့်မည် ဆိုလျှင် မိုင်ပေါင်း များစွာ နယ်နိမိတ်ချင်း နီးစပ် နေကြသည့် မြန်မာ - တရုတ် - အိန္ဒိယ တို့သည် အစဉ်အလာ ရှိသည့် အိမ်နီးချင်း ကောင်းများ ဖြစ်ကြပြီး ရာစုနှစ်ပေါင်း များစွာ ကြာရှည် တည်တံ့သည့် ချစ်ကြည် ရင်းနှီးမှု များလည်း ရှိခဲ့ ပါကြောင်း ... '' ဖြင့် ထည့်သွင်း ပြောကြား ခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေး မူဝါဒ ကို ကျင့်သုံးရာ၌ နိုင်ငံတကာ နှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက် ရှိရာ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ခင် ရင်းနှီးစွာ ဆက်ဆံရေးကို အလေးထား ကျင့်သုံးသည်။ မည်သည့် နိုင်ငံနှင့်မဆို ချစ်စကို ရှည်စေပြီး မုန်းစကို တိုစေသည့် မြန်မာတို့ ဓလေ့စရိုက် အတိုင်း ဆက်ဆံ ဆောင်ရွက်လျက်ရှိသည့်အပြင် မည်သူတရား ပျက်ပျက် မိမိက တရား မပျက်သော ဆက်ဆံမှုကို ဂုဏ်သိက္ခာ ရှိစွာ ရပ်တည် ခဲ့သည်။

နိုင်ငံတော်၏ အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ် တိုင်းတာ သတ်မှတ်ရာ၌ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့ အကြား နယ်နိမိတ် သဘောတူ စာချုပ်ကို ၁၉၆ဝ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် ပီကင်းမြို့၌ လက်မှတ် ရေးထိုးခဲ့ပြီး ၁၉၆၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်မြို့၌ အတည်ပြု စာချွန်လွှာများ အပြန်အလှန် လဲလှယ်ခဲ့ ကြသည်။ မြန်မာ - တရုတ် နယ်နိမိတ် မှတ်တိုင်ပေါင်း ၄ဝ၂ တိုင် စိုက်ထူ ထားသည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ နှင့် အိန္ဒိယသမ္မတ နိုင်ငံ အစိုးရတို့ ချုပ်ဆို ကြသည့် နယ်နိမိတ် သဘောတူ စာချုပ်ကို ၁၉၆၇ ခုနှစ် မတ် ၁ဝ ရက်တွင် ရန်ကုန်မြို့၌ လက်မှတ် ရေးထိုး ခဲ့သည်။ ကဘော် ချိုင့်ဝှမ်းတွင် နယ်နိမိတ် ပြီးပြတ်မှု မရှိသေးသဖြင့် မစိုက်ထူ ရသေးသော နယ်နိမိတ် မှတ်တိုင် ကိုးခု နှင့် မြောက်ဘက်စွန်း ဒေသတို့ကို နယ်နိမိတ် တိုင်းတာ သတ်မှတ်ရန် ကျန်ရှိ နေသေး သောကြောင့် နယ်နိမိတ် သဘောတူ စာချုပ်ချုပ်ဆို နိုင်ခြင်း မရှိသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန သမိုင်းနှင့် ဆောင်ရွက်ချက် များ မှတ်တမ်း၌ တွေ့ရသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်ကို ချမှတ် ကျင့်သုံး ခဲ့ကြသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ အိန္ဒိယ သမ္မတ နိုင်ငံ နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တို့အကြား ချစ်ကြည်သော ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်မှု တို့၏ ဘက်စုံ ဖွံ့ဖြိုး တိုးတက်မှု သည် နှစ်ပေါင်းများစွာ ပိုမို ခိုင်မြဲ လာခဲ့ကြရာမှ ယနေ့ အချိန်တွင် အိန္ဒိယ နှင့် တရုတ်နိုင်ငံ တို့သည် မြန်မာနိုင်ငံ၏ မဟာ ဗျူဟာမြောက် မိတ်ဖက် နိုင်ငံများ အဖြစ် ရပ်တည်လျက် ရှိသည်။

သို့ဖြစ်၍ ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေး နှင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး တို့အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်အား ကမ္ဘာလုံး ဆိုင်ရာ စံတစ်ခု အနေဖြင့် ကျင့်သုံး နေခြင်းကို ဆက်လက် ထိန်းသိမ်း မြှင့်တင် သွားကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment