Pages

Friday, June 27, 2014

ဆင်းရဲမှုလျော့ချရေး


ဆင်းရဲမှုလျော့ချရေး

လူသားတိုင်း အတွက် ဘဝတွင် အဓိက လိုအပ်ချက် ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံ လိုအပ်ချက်များ အနက် နေ့စဉ်နှင့် အမျှ မရှိမဖြစ် လိုအပ်ချက်သည် စားရေး ဖြစ်သည်။ နေ့စဉ် တိုးတက်လျက် ရှိသည့် လူဦးရေ အတွက် စားနပ်ရိက္ခာ ဖူလုံရေးသည် အရေးကြီးသော အချက် ဖြစ်သည်။ လက်ရှိ ကမ္ဘာ့ လူဦးရေ သန်းပေါင်း ၇ဝဝဝ ကျော်သည် လာမည့် ၂ဝ၅ဝ ပြည့်နှစ်ကာလ တွင် သန်းပေါင်း ၉ဝဝဝ ကျော် ရှိလာမည် ဖြစ်သည်။ တိုးတက် လာသည့် လူဦးရေ အတွက် စားနပ်ရိက္ခာ လိုအပ်ချက်ကို နှစ်ဆ၊ သုံးဆ ပိုမို ထုတ်လုပ် နိုင်ရန် ဆောင်ရွက် ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝ ရေမြေ သယံဇာတ ပေါကြွယ်ဝပြီး စိုက်ပျိုးရေး အတွက်လည်း သင့်တင့် ကောင်းမွန်သော ရာသီဥတု အခြေအနေ ရှိသည်။ သီးနှံ ထုတ်လုပ်မှု များကို တိုးမြှင့်ပြီး တိုးတက်အောင် ထုတ်လုပ် သကဲ့သို့ မွေးမြူရေး ကဏ္ဍတွင်လည်း တိုးမြှင့် ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက် ဒေသတွင် နေထိုင်လျက် ရှိကြရာ ကျေးလက်နေ ပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေ တိုးရေးအတွက် စိုက်ပျိုးရေး နှင့်အတူ မွေးမြူရေး ကိုလည်း တွဲဖက်ပြီး ပေါင်းစည်း လယ်ယာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် ကြသည်။

မွေးမြူရေး လုပ်ငန်းသည် တောင်သူများ အတွက် နေ့စဉ်ဝင်ငွေ ရရှိစေပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းမှ စီးပွားဖြစ် မွေးမြူသည် အထိ တိုးမြှင့် ဆောင်ရွက် သွားသင့်သည့် လုပ်ငန်း ဖြစ်သည်။ ကျေးလက်နေ ပြည်သူများ နှင့် မြို့ပြ အခြေခံ ပြည်သူများ လိုအပ်သော ငွေကြေး အရင်းအနှီး ပံ့ပိုးပေးရေး အတွက် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများက ဆောင်ရွက် ပေးလျက်ရှိသည်။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကလည်း မွေးမြူရေး နည်းပညာများ၊ အထောက်အပံ့ များ ပံ့ပိုးပေးလျက် ရှိသည်။

မွေးမြူရေး လုပ်ကိုင် သူများသည် တိရစ္ဆာန် ကောင်ရေ တိုးပွားရန်၊ မျိုးကောင်း မျိုးသန့်များကို ခေတ်မီ နည်းစနစ် များဖြင့် မွေးမြူကြရန်၊ ထုတ်လုပ်မှု တိုးတက် ထုတ်လုပ် နိုင်ရန်၊ ကူးစက်ရောဂါ ကင်းရှင်းစွာဖြင့် မွေးမြူ ထုတ်လုပ်ရန်၊ သဘာဝ အခြေခံ မွေးမြူ ထုတ်လုပ် ကြရန် အရေးကြီးသည်။

ရေထွက်ကုန် နှင့် ပတ်သက်၍ သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် သာမက တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ များသည် ငါး၊ ပုစွန်၊ ကဏန်း နှင့် ငါးရှဥ့်တို့ကို မွေးမြူ ထုတ်လုပ်လျက် ရှိသည်။ ကဏန်းနှင့် ငါးရှဥ့်သည် ပြည်ပ တင်ပို့ရာတွင် ဈေးကောင်းရပြီး ဝယ်လိုအား မြင့်တက်လျက် ရှိရာ ခေတ်မီနည်း စနစ်များဖြင့် တိုးချဲ့ မွေးမြူရန် လိုသည်။ ငါးလုပ်ငန်း ဦးစီးဌာန ကလည်း ငါးမွေးမြူရေး နည်းစနစ်များ၊ ငါးမျိုးကောင်း မျိုးသန့် သားပေါက်များ ထုတ်လုပ် ပံ့ပိုးပေးလျက် ပြည်တွင်း စားသုံးမှု သာမက ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက် ပေးလျက် ရှိနေသည်။

ထိုသို့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ကျေးလက် ဒေသနေ ပြည်သူများ နှင့် မြို့ပြ အခြေခံ ပြည်သူများက ဆောင်ရွက်၍ ပြည်တွင်း စားသုံးမှု သာမက ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ခြင်းဖြင့် ဝင်ငွေများ တိုးတက်လာပြီး ဆင်းရဲမှု လျော့ကျ လာမည် ဖြစ်သည်။ ထို့ကြောင့် စားနပ်ရိက္ခာ ကြွယ်ဝစေရန်၊ ပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ကို နည်းစနစ် မှန်ကန်စွာဖြင့် တိုးမြှင့် ထုတ်လုပ် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment