Pages

Wednesday, June 25, 2014

ခရီးသွားလမ်းညွှန် နှင့် ဧည့်လမ်းညွှန်


ခရီးသွားလမ်းညွှန် နှင့် ဧည့်လမ်းညွှန်

ယနေ့ မြန်မာနိုင်ငံ၏ ပွင့်လင်း မြင်သာသော ပြောင်းလဲမှု များကြောင့် နိုင်ငံ အများအပြားက မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စား လာကြသည်။ စိတ်ဝင်စားသည့် အလျောက် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သူလည်း တိုးတက် များပြား လာခဲ့သည်။ ခရီးသွား လုပ်ငန်းသည် ကမ္ဘာပေါ် တွင် အလျင်အမြန် ကြီးထွား တိုးတက် နေသည့် စီးပွားရေး လုပ်ငန်း တစ်ခုလည်း ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် ရေရှည် တည်တံ့သော ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံသို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ၂ဝ၁၂ ခုနှစ်တွင် ၁ ဒသမ ဝ၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ၂ ဒသမ ဝ၄ သန်းကျော်ထိ တိုးတက် ဝင်ရောက် ခဲ့သည်။ ယခု ၂ဝ၁၄ ခုနှစ်တွင် မေလအထိ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုမှာ ၁ ဒသမ ၂ သန်းကျော်ထိ ဝင်ရောက် ခဲ့ပြီး ခရီးသွား ကာလရာသီ ပြီးဆုံးချိန် အထိ ခရီးသွား ဝင်ရောက်မှု သုံးသန်း အထိ ရောက်ရှိ နိုင်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း တိုးတက်လာမှု နှင့်အတူ ခရီးသွား လုပ်ငန်းမှ ဝင်ငွေ ရရှိမှုမှာ ၂ဝ၁၂ ခုနှစ်တွင် ငွေကျပ် ၅၃၄ သန်း၊ ၂ဝ၁၃ ခုနှစ်တွင် ငွေကျပ် ၉၂၆ သန်းနှင့် ၂ဝ၁၄ ခုနှစ်တွင် မေလအထိ ငွေကျပ် ၅၅၂ သန်း ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ၂ဝ၁၄ ခုနှစ်တွင် ခရီးသွား လုပ်ငန်း မှ ငွေကျပ် ၁ ဘီလီယံကျော် ရရှိနိုင်ကြောင်း ခန့်မှန် ထားသည်။

မြန်မာနိုင်ငံ အနေဖြင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းပေါင်း ၃၈ ခု ရေးဆွဲမည် ဖြစ်ပြီး မဟာဗျူဟာ စီမံချက်ကို ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ သတ်မှတ် ရေးဆွဲ ထားသည်။ မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ် နှင့် နော်ဝေ အစိုးရတို့က အမေရိကန် ဒေါ်လာသန်း ၅ဝဝ ခန့် အကူအညီ ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် များပြား ကြွယ်ဝလှသော ယဉ်ကျေးမှု အမွေအနှစ်များ၊ လှပသည့် သဘာဝ ပတ်ဝန်းကျင်နှင့် ခရီးသွား ဒေသများ၊ ဖော်ရွေ ပျူငှာသည့် ဧည့်ဝတ် ကျေပွန်မှု များကြောင့် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စား သည့် နေရာတစ်ခု ဖြစ်သည်။ ကဏ္ဍ အသီးသီး၌ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်သည့် ဆွဲအား ကောင်းသော နေရာတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် အခြေခံ ကောင်းများ ပြည့်ဝ၍ ခရီးသွား လုပ်ငန်းကို စီးပွားရေး လုပ်ငန်းအဖြစ် ဖော်ဆောင် သွားရန် နိုင်ငံတော်က ကြိုးပမ်းလျက် ရှိသည်။

ထိုသို့ ခရီးသွား လုပ်ငန်း ရေရှည် ဖွံ့ဖြိုးမှုအတွက် ဟိုတယ် လုပ်ငန်းများသည် အရေးပါ လာခဲ့ရာ နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ၊ ဟိုတယ် ဝန်ဆောင်မှုများ၊ ခရီးသွား တို့၏ လုံခြုံမှု၊ ကျန်းမာရေး စောင့်ရှောက်မှု စသည်တို့ကို ပြည့်ပြည့်ဝဝ ဝန်ဆောင်မှု ပေး၍ ဆွဲဆောင် နိုင်ရန်လည်း လိုအပ်သည်။ ခရီးသွား လုပ်ငန်းသည် သဘာဝ အရင်းအမြစ် များကို ထုတ်ယူ သုံးစွဲခြင်း မပြုဘဲ ပြည်သူ များကို သွယ်ဝိုက် သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း ဝင်ငွေ တိုးတက် စေသည့် လုပ်ငန်း ဖြစ်သည်။

သို့ဖြစ်ရာ ရေရှည် တည်တံ့သော ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ပြီး ပြည်သူများ ဝင်ငွေတိုး၍ နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ တိုးတက်စေရန် ခရီးသွား လုပ်ငန်းကို အဆင့် မြှင့်တင်၍ ဆွဲဆောင်မှု အပြည့်ရှိစေရန် ခရီးသွား များကို အဘက်ဘက်မှ ဝန်ဆောင်မှု ကောင်းကောင်း၊ စိတ်ရင်း စေတနာမှန်ဖြင့် ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။

ထိုနည်းတူစွာ ခရီးသွား လုပ်ငန်းနှင့် အတူ ဝင်ရောက် လာမည့် သရုပ်ပျက် ယဉ်ကျေးမှု၊ မူးယစ်ဆေးဝါး ပြဿနာများ ကိုလည်း နိုင်ငံတော်နှင့် ပြည်သူတို့က သတိတရားဖြင့် ကာကွယ် တားဆီး ကြရမည် ဖြစ်သကဲ့သို့ ခရီးသွားများနှင့် ပြည်သူများ အကြား ပေါင်းကူးပေးသည့် ဧည့်လမ်းညွှန်များ အနေဖြင့်လည်း အရည်အချင်း ပြည့်ဝ၍ မျိုးချစ်စိတ်၊ တာဝန်သိစိတ် တို့ရှိရန် အထူး လိုအပ်ကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment