Pages

Thursday, June 26, 2014

မူးယစ်ဆေးဝါးအန္တရာယ် ၀ိုင်းဝန်းကာကွယ်


မူးယစ်ဆေးဝါးအန္တရာယ် ၀ိုင်းဝန်းကာကွယ်

ယနေ့သည် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို လူညွန့်တုံး ပျက်သုဉ်း စေနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်သည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း သာမက ကမ္ဘာ တစ်ဝန်းလုံးကို ခြိမ်းခြောက်လျက် ရှိရာ ကမ္ဘာ့လူသား အားလုံး အဆိုပါ မူးယစ်ဆေးဝါး များကို ဝိုင်းဝန်း တိုက်ဖျက်ကြ ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက် နှိမ်နင်းလျက် ရှိသော်လည်း မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ် ဖောက်ကားသူ များကို မကြာခဏ ဖမ်းဆီး ရမိလျက် ရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် လက်စ မတုံးသေးသည့် မူးယစ်ဆေးဝါး အန္တရာယ်များကို အမြစ်ပါ မကျန် မျိုးတုံး ပျောက်ကွယ် သွားအောင် သုံးစွဲသူများကို အသိပညာပေး တားဆီးရေးနှင့် ရောင်းချသူ များကို ဖမ်းဆီးရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများ သာမက ပြည်သူ အားလုံးက အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

ယခင်က မူးယစ်ဆေးဝါး အန္တရာယ်တွင် ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက်ဟူသည့် ယစ်မျိုးတို့သာ ရှိခဲ့ပြီး ဘိန်းစိမ်းမှ ဘိန်းဖြူ ထုတ်လုပ် ခဲ့သည်။ ယခုအခါ ဓာတုပစ္စည်း များကို အသုံးပြု ကာ စိတ်ကြွ ရူးသွပ် ဆေးပြားများ အထိ ထုတ်လုပ် လာသည်ကို တွေ့ရသည်။

မြန်မာ့သမိုင်း၌ ရှေးမြန်မာ မင်းများ လက်ထက်က ယစ်မျိုးသုံးစွဲမှု မကျယ်ပြန့် သေးခင်ကပင် ယစ်မျိုး သုံးစွဲမှုကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည်။ မျက်မှောက် ကာလ၌ ကမ္ဘာနှင့် ချီကာ မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့် လာသော အခါတွင် မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို ဘက်ပေါင်းစုံမှ တိုက်ဖျက်လျက် ရှိသည့်အပြင် ရှေး အစဉ်အလာ အတိုင်း ပြင်းထန်စွာ ရှာဖွေနှိပ်ကွပ် တိုက်ဖျက် သွားကြရမည် ဖြစ်သည်။

မူးယစ်ဆေးဝါး သည် လူငယ်အလွှာ မျိုးစုံအတွင်း စိမ့်ဝင်ပျံ့နှံ့ နိုင်ရာ တိုင်းပြည် အနာဂတ် အတွက် အားထားရမည့် သားကောင်း ရတနာများ မူးယစ်ဆေးဝါး ၏ သားကောင် ဘဝသို့ မရောက်ရှိ နိုင်ရေးအတွက် ကြိုတင် အသိပညာ ပေးခြင်း၊ ရောင်းဝယ် သုံးစွဲမှု တိုက်ဖျက်ခြင်း တို့ကို မျက်ခြည်မပြတ် ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

မူးယစ်ဆေးဝါး ဆိုးကျိုးများသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ ဘိန်းဖြူ ထိုးသွင်း သုံးစွဲခြင်းကြောင့် ဘေးထွက် ရောဂါဆိုးကျိုးများ ထူပြော လာသည့်အပြင် အသက်ပင် ရုတ်တရက် သေဆုံးနိုင်သည်။ စိတ်ကြွဆေး သုံးစွဲ သူများသည် ရာဇဝတ်မှု အားလုံးကို ကျူးလွန် တတ်ကြသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ချမှတ်ထားသည့် မဟာဗျူဟာ နှင့် နည်းဗျူဟာ သုံးရပ်ဖြစ်သည့် ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှု ပပျောက်ရေး၊ တားဆီး နှိမ်နင်းရေး လုပ်ငန်း များကို အပြင်းအထန် ဝိုင်းဝန်း လုပ်ဆောင် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မိဘပြည်သူများ အနေဖြင့်လည်း မိမိ မိသားစုနှင့် မိမိ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကို သတိပြု စောင့်ကြည့်၍ တာဝန်ရှိ သူများကို အသိပေး ကြရမည် ဖြစ်သကဲ့သို့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ လက်တွဲ ပူးပေါင်း၍ ဝိုင်းဝန်း ကာကွယ် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment