Pages

Thursday, June 19, 2014

သွေးလွန်တုပ်ကွေး ကာကွယ်ရေး


သွေးလွန်တုပ်ကွေး ကာကွယ်ရေး

ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၂၅ဝဝ ခန့်သည် သွေးလွန်တုပ်ကွေး ဖြစ်ပွား နိုင်သော နေရာများတွင် နေထိုင်ကြပြီး ထက်ဝက် ကျော်မှာ အရှေ့တောင် အာရှနိုင်ငံများ တွင် နေထိုင်လျက် ရှိကြောင်း၊ အင်ဒိုနီးရှား၊ မြန်မာ နှင့် ထိုင်းနိုင်ငံ တို့တွင် အများဆုံး ဖြစ်ပွားလေ့ ရှိပြီး အာရှ - ပစိဖိတ် ဒေသတွင်း ပြည်သူ့ ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် တည်ရှိ နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများကို မဟာဗျူဟာများ ချမှတ် ဆောင်ရွက် ခဲ့ကြသော်လည်း ယနေ့တိုင် ကုသရေး၊ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် နည်းပညာ၊ အထောက်အပံ့ ပစ္စည်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက် များရှိနေပြီး သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် ကြိုးစား ရဦးမည် ဖြစ်သည်။

ထို သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နင်းရေးသည် ပြည်သူ တစ်ရပ်လုံး ပါဝင် ဆောင်ရွက်မှသာ အောင်မြင် နိုင်မည် ဖြစ်သည်။ ပြည်သူများ အသိပညာ ဖွံ့ဖြိုး၍ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ခြင်နှင့် ပိုးလောက်လမ်း နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေး လူနာများကို ထိရောက်စွာ ကုသပေးခြင်း၊ ရောဂါ ဖြစ်ပွားမှုကို အမြဲမပြတ် စောင့်ကြပ် ကြည့်ရှုခြင်း၊ ကပ်ရောဂါ အသွင် ဖြစ်ပွား လာပါက ထိရောက်စွာ နှိမ်နင်းခြင်း နှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို အစိုးရနှင့် အတူ ပြည်သူများက ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်သည်။

သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် ထားနိုင်ပါက ကျန်းမာရေး ကဏ္ဍအတွက် ကုန်ကျစရိတ်များ လျှော့ချနိုင်ပြီး လူမှု စီးပွားဘဝကို တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေ နိုင်သည်။ သွေးလွန်တုပ်ကွေး ရောဂါသည် ဇွန်၊ ဇူလိုင်၊ သြဂုတ် လများတွင် ရောဂါ ဖြစ်ပွားမှု များပြားတတ်၍ အထူးဂရုပြု ကာကွယ် ကြရမည် ဖြစ်သည်။

သွေးလွန် တုပ်ကွေး ခြင်သည် လူများ နေထိုင်ရာ ပတ်ဝန်းကျင်ရှိ ရေကြည် ရေသန့်တွင် ပေါက်ပွားသည့် အတွက် လူများနှင့် အနီးဆုံးတွင် ရှိသော ရေတွင်း၊ ရေကန်၊ ရေအိုင် များတွင် ခြင်ပေါက်ပွားမှု မရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပြည်သူများက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် ကြရမည် ဖြစ်သည်။ သွေးလွန် တုပ်ကွေးရောဂါ သည် မြန်မာနိုင်ငံတွင် သာမက အာရှ - ပစိဖိတ် ဒေသတစ်ခုလုံး အတွက် ခြိမ်းခြောက် နေသည့် ရောဂါဖြစ်၍ အလေးထား ကာကွယ် သွားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယခုနှစ် ဇွန်လတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို မြို့နယ် အချို့တွင် တွေ့ရှိ နေရသောကြောင့် ရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြရမည် ဖြစ်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများ နှင့် ကျန်းမာရေး ဝန်ထမ်းများက သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာတွင် ပြည်သူတိုင်း ကလည်း ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်၍ ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရမည် ဖြစ်သည်။

ထိုသို့ အစိုးရ နှင့် ပြည်သူ တစ်ရပ်လုံး လက်တွဲညီညီ ဆောင်ရွက်မှသာ သွေးလွန် တုပ်ကွေးရောဂါ နှင့် အခြားသော ရောဂါများ ဖြစ်ခြင်းမှ ကင်းဝေး၍ ကျန်းမာခြင်း ဟူသော လာဘ်ကို ရရှိ ပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment