Pages

Saturday, June 7, 2014

နှလုံးလှ ပညာရေး


နှလုံးလှ ပညာရေး

ယနေ့ ပညာရေး လောကတွင် ကလေးတို့ အပြုအမူ၊ လူမှု ဆက်ဆံရေး၊ အကျင့် စာရိတ္တ၊ တာဝန်သိမှု၊ တာဝန် ကျေပွန်မှု၊ ကြိုးစား အားထုတ်မှု သစ္စာရှိမှု၊ ကျောင်းအပေါ်၊ အလုပ်အပေါ်၊ အချင်းချင်း အပေါ်  စိတ်နေ သဘောထား စသည်တို့၌ အားနည်းချက်များ ရှိလာ နေသည်ကို တွေ့လာရသည်။

လူငယ် မျိုးဆက်သစ် များ၏ ချို့ယွင်း အားနည်းမှု၊ စံချိန် ကျလာမှု များသည် လူကြီးများ အနေဖြင့် ဂရုပြုရမည့် အချက် ဖြစ်သည်။ ထိုသို့ မဖြစ်ရန် ကျောင်းသား လူငယ်များအား အရည်အသွေး စွမ်းရည် ပြည့်ဝရန် ပြဋ္ဌာန်း ပြုစုပျိုးထောင် ပေးရန်လိုသည်။ ယနေ့ လူမှုရေး အရှိန်အဝါ များက လူငယ်များကို လွှမ်းမိုး လာလျက်ရှိရာ စနစ်တကျ ပြုစုပျိုးထောင် ပေးရန် အထူး လိုအပ် လာသည်။

နည်းပညာ၊ အီလက်ထရောနစ် ခေတ်မီ တိုးတက်ရေး များသည် လည်းကောင်း၊ အမျိုးသားရေး ကိုယ်ပိုင် ရပ်တည်ချက် များကို လိုက်လျော ညီထွေ ပြောင်းလဲမှု မရှိခြင်း သည်လည်းကောင်း၊ လူ့အဖွဲ့အစည်း အတွက် အကျိုး သက်ရောက်စေပြီး ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နယ်ပယ်များကို ဂယက်ရိုက် စေခဲ့သည်။ ယခင် လွတ်လပ်ရေး ရပြီး ကာလများက မြန်မာနိုင်ငံ၏ အင်္ဂလိပ်စာ တတ်ကျွမ်းမှု အဆင့်အတန်း သည် အဆင့်တစ်ခု၌ ရှိခဲ့သည်။ နောက်ပိုင်း ပညာရေး ပြုပြင်မှုများ နှင့် အတူ အင်္ဂလိပ်စာ သင်ကြားမှု လျော့နည်း ခဲ့၍ အရည်အသွေး ကျဆင်း သွားခဲ့သည်။ အင်္ဂလိပ်စာနှင့် နိုင်ငံတကာ ဆက်ဆံရေး ဘာသာစကား ဖြစ်၍ အားပေးသင့်သည့် ဘာသာရပ် ဖြစ်သည်။

တစ်ဖန် ယနေ့ကာလ ပွင့်လင်း မြင်သာမှုနှင့် အတူ နိုင်ငံတကာ ကူးလူး ဆက်ဆံမှု ပိုမိုလွယ်ကူ သွားပြီး ကမ္ဘာ့ ဖြစ်ရပ်မှန် သမျှ အကောင်းအဆိုး အားလုံးကို အလွယ်တကူ ထိတွေ့နိုင်ရာ မူးယစ်ဆေးဝါး နှင့် AIDS ရောဂါတို့မှာ လူငယ်များ အကြား၌ ထိတွေ့ ဝင်ရောက်လာပြီး ပြဿနာ ရပ်များကို ဖန်တီးလာလျက် ရှိနေပြီ ဖြစ်သည်။ ယခင်က ပညာရေးသည် အရေအတွက် ကို ဦးစားပေး ခဲ့သည်။ ယခုအခါ အရည်အချင်းကို ဦးစားပေး လာသည့် ခေတ်ဖြစ်၍ နိုင်ငံတကာ တွင် လူရာဝင် ရန် အရည်အချင်း ပြည့်ဝသည့် လူငယ်များ မွေးထုတ်ပေးရန် လိုသည်။

ထိုသို့ မွေးထုတ်ပေးရန် အတွက် ကလေးများ စိတ်ဓာတ် ကြံ့ခိုင်ရေး၊ မိမိကိုယ်ကို ယုံကြည်မှု ရှိရေး၊ ပြုစုပျိုးထောင် ပေးရန်လိုသည့် အနာဂတ် ခရီး လျှောက်လှမ်းမည့် ကလေးငယ် များ၏ ဘဝခရီး သေချာ ရေရာမှု၊ စိတ်ဓာတ် လုံခြုံမှု၊ အကျင့်စာရိတ္တ ကောင်းမှုများကို မျက်ကွယ်ပြု လျစ်လျူရှုသော ကျောင်းများ ကျဆင်း၍ ကလေးများ မိမိကိုယ် မိမိ ယုံကြည် စေရန် အပြုသဘော ဆောင်၍ စွန့်စား လုပ်ကိုင်ရဲ စေရန် ပြုစုပျိုးထောင် ပေးသော  ကျောင်းများမှာ အောင်မြင်မှုကို ရလာနိုင်သည်။

လွယ်လွယ်နှင့် အချောင် ငွေရလိုစိတ်၊ တားမြစ်ချက်ကို ဖောက်ဖျက် လိုစိတ် တို့ကို ခုခံတွန်းလှန် နိုင်သော စွမ်းရည်ရှိရန် အတွက် ကျောင်းများက စာရိတ္တပညာ သင်ကြားပေးရန် လိုသည်။ တစ်နည်းအားဖြင့် နှလုံးရည် ပညာရေး သင်ကြား ပေးရမည် ဖြစ်ပြီး နှလုံးရည် ပညာရေးသည် အမျိုးသားရေး နှင့် ဘာသာတရား ၌ တွေ့ရသည်။

သို့ဖြစ်ရာ ယနေ့ကာလ စာသင်ကျောင်း များတွင် အတတ်ပညာကို သာမက အရည်အချင်း နှင့် အမျိုးသား ကိုယ်ခံစွမ်းရည် ကိုပါ တိုးတက် စေနိုင်သည့် စာရိတ္တ ပညာ ဖြစ်သည့် လူ့ကျင့်ဝတ် စည်းကမ်း ညီညွတ်သည့် နှလုံးလှ ပညာရေး ကိုပါ ထည့်သွင်း၍ ပြုစုပျိုးထောင် ပေးသွား ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment