Pages

Wednesday, June 11, 2014

အမြန်လမ်းမကြီးမှာ စိတ်လုံခြုံမှု ရရှိရေး



အမြန်လမ်းမကြီးမှာ စိတ်လုံခြုံမှု ရရှိရေး

သုတေသီ ကိုကိုထွန်း

ယခုနှစ် ဧပြီလကုန် ရက်တစ်ရက်တွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ အဝေးပြေး အမြန် လမ်းမကြီးအတိုင်း ပညာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) သမိုင်းပညာရှင် ဦးအေးကို၊ နိုင်ငံခြားသား သမိုင်းပညာရှင် မိတ်ဆွေနှစ်ဦး တို့နှင့်အတူ ကားငယ်လေး မောင်းနှင်၍ နံနက်စောစော ခရီးထွက် လာကြရာ မိတ္ထီလာလမ်းခွဲ ယာဉ်ရပ်နား စခန်းနှင့် ဖြူးလမ်းခွဲ ယာဉ်ရပ်နား စခန်းတို့တွင် ခေတ္တရပ်နား စားသောက်ကြပြီး ညနေစောင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိ သွားကြသည်။ ပူပြင်း ခြောက်သွေ့သော နေ့လယ်ခင်းတွင် ကားမောင်းနှင် ရသည်မှာ သဲကန္တာရ ပြင်ကျယ်ကြီး အတွင်း မရိုးနိုင်သော မြင်ကွင်းများကို စိတ်မသက်မသာ ကြည့်ရှု မြင်တွေ့ ခရီးနှင် ရသကဲ့သို့ ခံစားရသည်။ အမြန် လမ်းမကြီး တစ်လျှောက်တွင် တူညီသော မြင်ကွင်းများက ကားမောင်းနှင်သူကို ငြီးငွေ့ စိတ်အိုက် စေသည်။ နံနက် ကားစထွက်ချိန် မှ ညနေခင်း ခရီးဆုံးချိန် အထိ အချိန်ကာလ ရှစ်နာရီ ခန့်ကို ကားအတွင်း ထိုင်ပြီး အတင်း အဓမ္မ တွန်းပို့ ဖြတ်သန်း စေခိုင်း သကဲ့သို့ ဖြစ်နေ၍ ကြာလတ်သော သတိထား နေရင်းမှ ထမင်းစားပြီး ချိန်တွင် အိပ်မငိုက်ရန် လွန်စွာ သတိထား မောင်းနှင် ရပေသည်။

အမြန် လမ်းမကြီးတွင် နေ့စဉ် ကားပေါင်း မြောက်မြားစွာ မောင်းနှင် ဖြတ်သန်း သွားလာ ကြပေရာ ကားမောင်နှင်သူ ဒရိုင်ဘာများ အနေဖြင့် ဤကဲ့သို့ ခံစား ရနိုင်ကြောင်း ကိုယ်ချင်းစာစိတ် ဖြစ်ပေါ် မိသည်။ မတော်တဆ အိပ်ငိုက်သွား ပါလဆင် မလိုလားအပ်သော ယာဉ်တိမ်းမှောက်မှု အန္တရာယ်များ ဖြစ်ပွား ကြုံတွေ့ ရပေမည်။ ထို့ကြောင့် ဤ ရန်ကုန် - နေပြည်တော် - မန္တလေး အမြန် ကားလမ်းမကြီး ပေါ်ထွန်း လာခဲ့ပြီး အချိန်ကုန် သက်သာ၊ ခရီးတို သွားသဖြင့် သုံးစွဲ လာကြသူများ နှစ်သက် ရွေးချယ် အသွားအလာ များပြားခဲ့ ကြသည်။ သို့သော် ကားတိုက်၊ လမ်းချော်၊ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့ပြီး လူအသေအပျောက် များစွာ ဖြစ်ပွားကာ ထိခိုက် ဒဏ်ရာရ ဖြစ်စဉ်များ မကြာခဏ ကြားသိ နေရသည်။

လွန်ခဲ့သော ဆယ်စုနှစ် ကာလက မြန်မာနိုင်ငံတွင် အကောင်းဆုံး ရန်ကုန် - ပြည်လမ်းမကြီး ပေါ်ထွန်းခဲ့ ဖူးသည်။ ဤ ရန်ကုန် - ပြည် အဝေးပြေး ကားလမ်းမကြီးသည် ထိုစဉ် ကာလက မောင်းနှင်၍ အကောင်းဆုံး စံပြလမ်းမကြီး ဖြစ်ခဲ့သည်။ မကြာခဏ ခရီးသွားလာ မောင်းနှင် ခဲ့ဖူးသည်။ ရန်ကုန် - ပြည် ကားလမ်းမကြီး တွင် မောင်းနှင် ရသည်မှာ စိတ်ငြီးငွေ့မှု မဖြစ်ခဲ့ဖူးပါ။ ကားမောင်းနှင်သူ အိပ်မငိုက်ဘဲ လိုရာခရီး လမ်းဆုံးသို့ ကောင်းမွန် ချောမွေ့စွာ ရောက်ရှိသည်။ ဤကဲ့သို့ ခံစားချက် ခြားနား ကွာဟရသော အကြောင်းရင်းကို အဖြေရှာ ဆွေးနွေး ကြည့်မိ ကြသည်။ သမိုင်း ပညာရှင် ဦးအေးကို က ထိုင်းနိုင်ငံ ချင်းမိုင် အဝေးပြေး ကားလမ်းမကြီး တွင် သွားလာခဲ့ စဉ်က ၁ဝ ကီလိုမီတာ အကွာအဝေး ရောက်ရှိတိုင်း ကားရပ်နား စခန်းငယ်လေး တစ်ခုစီ ရှိကြောင်း၊ ယာဉ်ရပ်နား စခန်းငယ်လေးတွင် ခေတ်မီ အဆောက်အအုံ များဖြင့် ဆီဖြည့်တင်းရန် နေရာ၊ အဆာပြေ စားသောက်နိုင်သော စားသောက်ဆိုင် တွဲလျက် အလေးအပေါ့ သွားရန်နေရာ၊ အမှတ်တရ ပစ္စည်းလေးများ ဝယ်နိုင်သော ဆိုင်ငယ်လေး များပါရှိပြီး သက်သောင့် သက်သာ လုံခြုံမှု ရရှိကာ ရပ်နား နေနိုင် ကြကြောင်း ပြောပြသည်။

နိုင်ငံခြားသား ပညာရှင်များ ကလည်း နိုင်ငံတကာ အတွေ့အကြုံများ နှင့် နှိုင်းယှဉ် ဆွေးနွေး ကြသည်။ နိုင်ငံခြား တိုင်းပြည်များက နိုင်ငံတကာ အဝေးပြေး အမြန် ကားလမ်းမကြီး များသည် ၁၀ ကီလိုမီတာ အကွာအဝေး ရောက်ရှိတိုင်း ခေတ်မီ အဆောက်အအုံ ယာဉ်ရပ်နား စခန်းငယ် လေးများ သာယာလှပစွာ နားနေချင့် စဖွယ် တည်ရှိ ယှဉ်တွဲပါရှိ တတ်ကြသဖြင့် ကားမောင်းနှင်သူ နှင့် စီးနင်း လိုက်ပါသူ ခရီးသည် များသည် စိတ်သက်သောင့်သက်သာ ရှိပြီး ၁ဝ ကီလိုမီတာ အကွာ ရောက်တိုင်း တွေ့ရှိ ကြရသည့် ယာဉ်ရပ်နား စခန်းများတွင် ရပ်နားနေ ကြသဖြင့် လုံခြုံ စိတ်ချရမှု ဖြစ်စေ၍ ယာဉ်အန္တရာယ် ဖြစ်စဉ် နည်းပါးကြောင်း ထောက်ပြ ပြောကြား ကြသည်။ ဖြစ်နိုင်ပါသည်။ အဝေးပြေး အမြန် ကားလမ်းမကြီး တစ်လျှောက် ယာဉ်ရပ်နား စခန်းငယ်လေးများ ရှိခြင်းသည် သဲကန္တာရကြီး အတွင်း ခရီးသွားများ အတွက် ရေထွက်တဲအိမ် သစ်ပင်များ ရှိသော အိုအေစစ်ငယ် လေးများကို မြင်တွေ့ ရောက်ရှိရ သကဲ့သို့ စိတ်လုံခြုံမှု ရရှိပြီး လွန်စွာ အဆင်ပြေ စေကြောင်း ခံစားမိသည်။ မိမိတို့ ရပ်နားလိုသော ယာဉ်ရပ်နား စခန်းငယ်လေးများ သို့ အချိန်တို အတွင်း ဝင်ရောက် ရပ်နားနိုင်ရန် အခွင့်အရေး ရရှိပြီး အမြန် ကားလမ်းမကြီး တစ်လျှောက် ခရီးသွားလာ ကားမောင်းနှင် သူများနှင့် လိုက်ပါ စီးနင်းရသူ အပေါင်းသည် စိတ်လုံခြုံမှု အပြည့်အဝ ခံစားရရှိ စေနိုင်သည်။ ထိုအခါ ယာဉ်မတော်တဆ ဖြစ်စဉ်များ လျော့နည်း ပပျောက် သွားနိုင်သည်။

တစ်ချိန်က ရန်ကုန် - ပြည် အမြန် လမ်းမကြီး ပေါ်ထွန်းခဲ့ပြီး ခရီးသွားလာ ရသည်မှာ စိတ်လုံခြုံမှု အပြည့်အဝ ခံစား ရရှိစေသော အဓိက အကြောင်းရင်းမှာ ခရီး အကွာအဝေး ၄၊ ၅၊ ၆ မိုင်ခန့် မောင်းနှင်ပြီးလျှင် ကားလမ်းအနီး ယာဉ်ရပ်နား နိုင်သော ဈေးဆိုင်ငယ် လေးများ အစီအရီ ခရီးလမ်းကြောင်း တစ်လျှောက် အဆက်မပြတ် တည်ရှိနေ၍ ဖြစ်သည်။ ခရီးခေတ္တ ရပ်နားပြီး အဆာပြေ ဝင်ရောက် စားသောက် နိုင်သော ဈေးဆိုင် ငယ်လေးများ တည်ရှိသည်။ ကားကိုဆီ၊ ရေဖြည့်တင်း နိုင်သည်။ အမြန် ကားလမ်းမကြီး တွင် ခရီးသွား လာရသူ အပေါင်းသည် စိတ်လက် ပေါ့ပါး လွတ်လပ် ပူပင်သောက နည်းပါးစွာ လိုရာခရီးသို့ ယာဉ်အန္တရာယ် နည်းပါးစွာ သွားလာ ရောက်ရှိ ကြသည်။ နေ့ညမပြတ် ခရီးသွားလာမှု အဆင်ပြေ ချောမွေ့ခဲ့သည်။

ထို့ကြောင့် ရန်ကုန် - နေပြည်တော် - မန္တလေး အဝေးပြေး အမြန် ကားလမ်းမကြီးတွင် ယာဉ်အန္တရာယ် လျော့နည်း စေရန်နှင့် အသေအပျောက် ထိခိုက် ဒဏ်ရာရမှု ပပျောက်ပြီး ခရီးသွား ပြည်သူအပေါင်း စိတ်လုံခြုံမှု ရရှိစေရန် အကြောင်းရင်း များစွာ ရှိသည့်အနက် မြန်မာနိုင်ငံ ခရီးမိုင် အကွာအဝေး သတ်မှတ်မှုအရ ၁ဝ မိုင်ခရီး အကွာအဝေး နေရာတိုင်းတွင် အိုအေစစ် ကဲ့သို့ ပြည့်စုံ ကောင်းမွန်သော ယာဉ်ရပ်နား စခန်းငယ်လေးများ ခွင့်ပြုထားရှိ တည်ဆောက် ပေးသွားနိုင် ပါလျှင် အတိုင်းအတာ တစ်ခုအထိ ခရီးသွား ပြည်သူလူထုသည် အကျိုးကျေးဇူး ခံစားရရှိမည် ဖြစ်ပါကြောင်း အကြံပြု တင်ပြအပ် ပါသည်။ ။

#Themyawadydaily

No comments:

Post a Comment