Pages

Wednesday, June 11, 2014

မျိုးဆက်သစ်တို့ ကျန်းမာကြံ့ခိုင်ရေး


မျိုးဆက်သစ်တို့ ကျန်းမာကြံ့ခိုင်ရေး

နွားနို့သည် အာဟာရဓာတ်များ ပြည့်စုံစွာ ပါဝင်သည်။ ဗီတာမင်သည် A, D, E နှင့် K တို့အပြင် ဗီတာမင် B1, B2 နှင့် B12 တို့ ပါဝင်သဖြင့် ဖြည့်စွက် အားဆေး သောက်စရာ မလိုဘဲ လူတစ်ဦး၏ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်သည်။ နွားနို့တွင် ပါဝင်သည့် ကယ်လ်စီယမ် နှင့် ဖော့စဖောရပ် တို့သည် အရိုး ၊ အဆစ်များ သန်မာ၍ ကြံ့ခိုင် ဖွံ့ဖြိုးစေသည်။ အလားတူ နွားနို့တွင် ပါဝင်သည့် ပရိုတိန်း နှင့် အဆီဓာတ် များသည် ခန္ဓာကိုယ် ကြံ့ခိုင် ဖွံ့ဖြိုး စေသည့်အပြင် ဉာဏ်ရည်ကိုပါ တိုးတက် မြင့်မားစေသည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး ၏ ကြံ့ခိုင်ဖွံ့ဖြိုး မှုကို လူတစ်ဦး တစ်နှစ် စားသုံးသည့် နို့ပမာဏဖြင့် အညွှန်းကိန်း သဖွယ် တိုင်းတာ၍ ရနိုင်သည်။ နိုင်ငံ နှင့် လူမျိုး ကြံ့ခိုင်ဖွံ့ဖြိုးမှု အတွက် အခြေခံ ပညာကျောင်း များတွင် နို့တိုက်ကျွေးရေး စီမံကိန်းကို မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန မှ ၂၀၀၆ ခုနှစ်တွင် စတင်၍ မျိုးစေ့ချ ခဲ့သည်။ ၂၀၀၆ ခုနှစ်မှ စ၍ ပေါင်းခံသည့် နို့ထုတ်လုပ် ခဲ့ပြီး အဆိုပါ ပေါင်းခံသည့် နို့ကို အင်းစိန် နှင့် မင်္ဂလာဒုံ ရှိ အခြေခံ မူလတန်းကျောင်း များတွင် စတင် တိုက်ကျွေး ခဲ့သည်။

နိုင်ငံတော်သစ် တည်ဆောက်ချိန် တွင် နိုင်ငံတော်၏ ပြောင်းလဲလာသော ပွင့်လင်းမြင်သာ သည့် မူဝါဒများအရ နိုင်ငံခြား တိုင်းပြည်များမှ အလှူရှင် များက အခြေခံ ပညာကျောင်း များတွင် နို့တိုက်ကျွေးရေး အတွက် ကမ်းလှမ်း လာခဲ့သည်။ Tetra Pak South and South- East Asia ကုမ္ပဏီသည် အခြေခံ ပညာကျောင်း များရှိ ကျောင်းသား ကျောင်းသူ ဦးရေ ၄၅၀၀၀ ကို ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် မှစ၍ ၃ နှစ်ဆက်တိုက် နို့တိုက်ကျွေးရန် လှူဒါန်း ခဲ့သည်။

မွေးမြူရေး ၊ ရေလုပ်ငန်း နှင့် ကျေးလက် ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ စည်းရုံး ဦးဆောင်မှုဖြင့် နေပြည်တော် ကောင်စီ နယ်မြေတွင် သာမက ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး တို့ရှိ အခြေခံပညာ မူလတန်းကျောင်း များတွင် နို့တိုက်ကျွေးမှု လုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့သည်။ နို့စားနွား မွေးမြူရေး လုပ်ငန်းရှင်များ ၊ စေတနာရှင် ပြည်သူများက ပါဝင် လှူဒါန်း ခဲ့ကြသည်။ နို့တိုက်ကျွေးခြင်းဖြင့် အခြေခံပညာ မူလတန်း ကျောင်းသား ကျောင်းသူများ ကျန်းမာ ပြည့်ဖြိုး ဉာဏ်ရည်တိုး စေရုံမက ကျောင်းနေပျော်၍ စာတော် လာမည် ဖြစ်သည်။

နိုင်ငံတော် သမ္မတ ကလည်း မျိုးဆက်သစ်တို့ ကျန်းမာ ကြံ့ခိုင်ရန် ၊ ဉာဏ်ရည် မြင့်မား လာစေရန် ၊ ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးရန် နွားနို့ပို၍ သောက်ရန် လမ်းညွှန် ခဲ့သည်။ နို့စားနွား မွေးမြူရေး ဖွံ့ဖြိုး တိုးတက်စေရန် ပံ့ပိုး ဖြည့်ဆည်း ပေးသည်။ မွေးမြူရေး ၊ ရေလုပ်ငန်း နှင့် ကျေးလက် ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ကလည်း နို့စားနွား မွေးမြူရေးကို တိုးချဲ့ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ မျိုးဆက်သစ် တို့ ကျန်းမာကြံ့ခိုင် ဉာဏ်ရည်မြင့်မား ကိုယ်ခန္ဓာ ကြီးထွား ကြံ့ခိုင်ရေး အတွက် အခြေခံ ပညာကျောင်း များ၌ နို့တိုက်ကျွေးရေး အစီအစဉ် တွင် စေတနာရှင် ပြည်သူများ က  တစ်တပ်တစ်အား ပါဝင်၍ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် နို့တိုက်ကျွေး နိုင်ရေး ဖော်ဆောင် ပေးကြရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment