Pages

Monday, June 30, 2014

ဆေးလိပ်အမျိုးမျိုး အန္တရာယ် ပူးပေါင်းကာကွယ်


ဆေးလိပ်အမျိုးမျိုး အန္တရာယ် ပူးပေါင်းကာကွယ်

ကမ္ဘာပေါ်တွင် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးတံ စသော ဆေးရွက်ကြီး နှင့်ပြုလုပ် ထားသည့် ပစ္စည်းများကို နည်းမျိုးစုံဖြင့် သုံးစွဲလျက် ရှိသည်။ ဆေးရွက်ကြီး ငုံခြင်း၊ ဆေးလိပ်၊ စီးကရက် သောက်ခြင်း တို့သည် လူတို့ကို အသက် သေစေနိုင်သည် အထိ အန္တရာယ် ဖြစ်စေသည်။

ဆေးလိပ်ကို ကိုယ်တိုင် သောက်သုံးခြင်း မဟုတ်သော်လည်း သူတစ်ပါး သောက်သည့် ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း ကလည်း လူတို့၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သည်။ ဥပမာ- ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ဆေးလိပ်ငွေ့ကို ရှူရှိုက် မိပါက ကိုယ်ဝန် ပျက်ကျခြင်း၊ ကိုယ်အလေးချိန် မပြည့်သော ကလေး မွေးဖွားခြင်း၊ ဉာဏ်ရည် မမီသော ကလေး မွေးဖွားခြင်းတို့ ဖြစ်စေသည်။

ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲခြင်းနှင့် သူတစ်ပါး သောက်သုံးသော ဆေးလိပ်ငွေ့ ကို ရှူရှိုက်ရခြင်း တို့ကြောင့် ဖြစ်ပေါ်ရသည့် ကျန်းမာရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် နှင့် စီးပွားရေး ပြဿနာများ ခံစားရခြင်းမှ ကာကွယ်နိုင်ရန် အတွက် မြန်မာနိုင်ငံ အပါအဝင် ဆေးလိပ် နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဝင် နိုင်ငံများသည် ကွန်ဗင်းရှင်းပါ အချက်များကို တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစား အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ ဈေးကွက် အတွင်းတွင် တွေ့ရှိ နေရသော စီးကရက်ဘူး အချို့တွင် ကျန်းမာရေး သတိပေးချက် မပါရှိခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ရောင်းအား မြှင့်တင်ရေး အတွက် အခမဲ့ ဝေငှခြင်း၊ ကံစမ်းမဲ ဖောက်ခြင်း၊ ဆေးလိပ် အမှတ်တံဆိပ် ပါသည့် လက်ဆောင်များ ပေးခြင်း၊ ကြော်ငြာ ဗီနိုင်းများ၊ ပိုစတာများ ကပ်ခြင်း စသည်ဖြင့် နည်းမျိုးစုံ အသုံးပြုပြီး ဥပဒေကို ချိုးဖောက် နေကြသည်။

စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ပြောင်းဖူးဖက်လိပ် စသည်တို့ကို ကိုယ်တိုင် သောက်သုံးခြင်း နှင့် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း၊ ဆေးရွက်ကြီး ထွက်ပစ္စည်း အမျိုးမျိုး သုံးစွဲခြင်း တို့ကြောင့် လူငယ်လူရွယ် များနှင့် ပြည်သူလူထု တစ်ရပ်လုံးကို ကျန်းမာရေး၊ စီးပွားရေး အန္တရာယ် အမျိုးမျိုးကို ကျရောက် စေနိုင်သည်။ ထို့ကြောင့် ကျန်းမာရေး ဌာန အနေဖြင့် ပြည်သူများ သဘောပေါက် ရှောင်ကြဉ်နိုင်ရန် ကျန်းမာရေး အသိပညာပေးခြင်း များကို အစဉ်တစိုက် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက်အရ နှစ်စဉ် လူဦးရေ ခြောက်သန်းကျော် သည် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှလုံး သွေးကြော ပိတ်ခြင်း၊ ဦးနှောက် သွေးကြော ပိတ်ပြီး လေဖြတ်ခြင်း၊ ကင်ဆာ အမျိုးမျိုးနှင့် အဆုတ်ရောဂါ များဖြစ်ပွားကာ အချိန်မတိုင်မီ သေဆုံးလျက် ရှိကြကြောင်း၊ ထိုထဲတွင် လူဦးရေ ခြောက်သိန်းကျော် သည် သူတစ်ပါး သောက်သုံးသည့် ဆေးလိပ်ငွေ့ ကို ရှူရှိုက်ရ၍ ရောဂါဖြစ်ပွား သေဆုံးရပြီး၊ လေးပုံတစ်ပုံ ကျော်မှာ ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ပြည်သူလူထု တစ်ရပ်လုံးနှင့် လူငယ်လူရွယ် များအကြား ဆေးလိပ် သောက်သုံးမှု လျော့နည်း ကျဆင်းရန် နှင့် သူတစ်ပါး သောက်သုံးသည့် ဆေးလိပ်ငွေ့ ရှူရှိုက်ရသည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ ပြည်သူများက ပူးပေါင်း ကာကွယ် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment