Pages

Monday, June 30, 2014

မြန်မာ့အာမခံလုပ်ငန်း က ချေးငွေအာမခံစနစ်ကို စတင်


ရန်ကုန် ၊ ၃၀-၆-၂၀၁၄

မြန်မာ့အာမခံ လုပ်ငန်းက ချေးငွေ အာမခံစနစ်ကို စတင် လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန မှ သိရသည်။ 

အဆိုပါ ချေးငွေအာမခံ စနစ်သည် စီးပွာရေး လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်များထံမှ ချေးငွေ ရရှိမှု ပမာဏ ပိုမိုများပြား လာစေနိုင်သည့် စနစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေအာမခံ များကို ယမန်နေ့ ဇွန် ၂၉ ရက်မှ စတင်ကာ မြန်မာ့အာမခံ လုပ်ငန်း အနေဖြင့် စတင်ရောင်းချ ပေးသွားမည် ဖြစ်ပြီး ကနဦး စမ်းသပ်ကာလ အဖြစ် တစ်နှစ်တာ အချိန်ကို ရန်ကုန်မြို့ တွင်သာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအဆင့် အနေဖြင့် မန္တလေးမြို့နှင့် ပုသိမ်မြို့ အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးများတွင် ဆောင်ရွက်ခွင့် ရနိုင်ရန် တိုးချဲ့ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ချေးငွေအာမခံ ဝယ်ယူရာတွင် အပေါင် ပစ္စည်းဖြင့် ချေးငွေ ရယူသူများ အတွက် အာမခံနှုန်း ထားကို ပထမတစ်နှစ် အတွက် ၂ ရာခိုင်နှုန်း၊ ဒုတိယနှစ် အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်း နှင့် တတိယနှစ် အတွက် တစ် ရာခိုင်နှုန်း ကြိုတင် ပေးသွင်းမှု စနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်သည်။

အပေါင်ပစ္စည်း မရှိသူများ အတွက် အာမခံနှုန်း ထားကို ပထမ တစ်နှစ်အတွက် ၃ ရာခိုင်နှုန်း၊ ဒုတိယနှစ် အတွက် ၂ ရာခိုင်နှုန်း နှင့် တတိယနှစ် အတွက် တစ်ရာခိုင်နှုန်း ဟူ၍ နှုန်းထားနှစ်မျိုး သတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါ ချေးငွေ အာမခံစနစ်သည် ငွေချေးယူ သူတို့ ပြန်မဆပ် နိုင်သည့် ချေးငွေများကို အာမခံ လုပ်ငန်းများက ဝင်ရောက် ပေးချေ သွားမည် ဖြစ်ရာ ဘဏ်များ အနေဖြင့် ချေးငွေ ပမာဏ ပိုမို ထုတ်ချေး ပေးသွားနိုင်ရန် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ဘဏ်တွင် အပေါင်ပစ္စည်း ပြနိုင်ပါက ပေါင်နှံပစ္စည်း တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း မှ ၅ဝ ရာခိုင်နှုန်း အထိသာ ချေးငွေရရှိခြင်း ဖြစ်ပြီး ပေါင်နှံပစ္စည်း မပြနိုင်ပါက ချေးငွေထုတ် ချေးပေးခြင်း မရှိသေးကြောင်း သိရသည်။ 

ကျော်လွင်

#Yadanarpondaily

No comments:

Post a Comment