Pages

Friday, May 2, 2014

ပရဟိတလုပ်ငန်း အောင်မြင်ရေး


ပရဟိတလုပ်ငန်း အောင်မြင်ရေး

လွတ်လပ် ပွင့်လင်းလာသော ခေတ်စနစ်နှင့် အတူ မြန်မာနိုင်ငံ တစ်နံတစ်လျား ဒေသ အသီးသီး ၊ မြို့နယ် အသီးသီးတွင် သာရေး နာရေး အခမဲ့ ကူညီမှုအသင်း ၊ ကျန်းမာရေး ကူညီ စောင့်ရှောက်မှု အသင်း ၊ ပညာဒါန အခမဲ့ သင်တန်း ၊ သွေးလှူရှင် အသင်း စသည်ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းကာ လူမှုရေး ကိစ္စရပ် များကို စေတနာ အပြည့် သဒ္ဓါအပြည့် ဖြင့် ညီညီ ညွတ်ညွတ် တက်ကြွစွာ ဆောင်ရွက် နေကြသည်ကို တွေ့ရသည်မှာ ၀မ်းမြောက်စရာ ဖြစ်သည်။

များသော အားဖြင့် ထို အသင်းအဖွဲ့များ ဆောင်ရွက် နေသည်မှာ ကိုယ်ကျိုးမပါ အများအကျိုး ဆောင်ရွက်ခြင်း ဖြစ်၍ ပရဟိတ လုပ်ငန်းဟု ခေါ်ဆို ကြသည်။ ပရဟိတ ကို အဓိပ္ပာယ် ဖွင့်လျှင် ပရ = သူတစ်ပါး ၊ ဟိတ = အကျိုး ၊ ပရဟိတ = သူတစ်ပါး အကျိုး ကို ဆောင်ရွက်ခြင်း ဟု အဓိပ္ပာယ် ရသည်။ တစ်နည်း အားဖြင့် ကိုယ်ကျိုးမပါ အများအကျိုးကို စေတနာ သန့်သန့်ဖြင့် ဆောင်ရွက် ပေးခြင်းဟု ဆိုရပေမည်။

ပရဟိတ ဟူသော စကားလုံးသည် ယခုအခါ လူတိုင်း၏ နှုတ်ဖျားတွင် ရေပန်းစားလျက် ရှိသည့် စကားလုံး ဖြစ်လာသည်နှင့် အညီ ပရဟိတ ဆိုသည့် စကားလုံးကို ခြုံငုံ သိရှိရန်လည်း လိုအပ်သည်။ ၀ိသုဒ္ဓိမဂ် တွင် ပရဒုက္ခေ သတိ သပ္ပုရိသာနံ ဟဒယံ ကပ္ပေတိတိ ကရုဏာ ဟူ၍ ဘုရားရှင် ဟောကြားချက် တစ်ခုရှိသည်။ အဓိပ္ပာယ်မှာ သူတစ်ပါး ဆင်းရဲဒုက္ခ ရောက်နေသည်ကို မြင်လျှင် သူတော်ကောင်း တို့၏ စိတ်နှလုံးသည် ကြင်နာ သနားခြင်း ဖြစ်ကာ တုန်လှုပ် စေတတ်၏ ဟူ၍ ဖြစ်သည်။

တစ်ဖန် ထို ၀ိသုဒ္ဓိမဂ် ၌ပင် ပရနက္ခံကိရတိ အပနာပေတီတိ ကရုဏာ သူတစ်ပါး ဆင်းရဲ ဒုက္ခ ရောက်နေသည် ကို မြင်လည်း မြင်တွေ့ရ၏။ ကရုဏာ စိတ်လည်း ဖြစ်ပေါ် လာ၏။ ထိုစိတ်နှင့် အတူ ဆင်းရဲဒုက္ခ ရောက်နေသူကို ဒုက္ခတွင်း မှ လက်တွေ့ ဖယ်ရှား ပေးခြင်းသည် ပရဟိတ သူတစ်ပါး အကျိုးကို ဆောင်သည်ဟု အဓိပ္ပာယ် ရသည့် ဘုရားဟော တရားတော် ကို လေ့လာပါက ပရဟိတ လုပ်ငန်း၏ မွန်မြတ်ပုံ ကို သိနိုင်ပါသည်။

ဖော်ပြပါ ဘုရားဟော ဒေသနာလာ ပရဟိတ လုပ်ငန်းသည် ကရုဏာ တရားရှိရုံဖြင့် မရ။ ကရုဏာ တရားမရှိဘဲ နှင့်လည်း အများအကျိုး ကို ဆောင်ရွက်ခြင်း မမည်။ ကရုဏာတရား ပြည့်ဝစွာ ဖြင့် အများအကျိုး ကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ခြင်း  ဖွင့်ဆို နိုင်ပါသည်။ ထို ပရဟိတ လုပ်ငန်း လုပ်ကိုင်သူသည် သူတော်ကောင်း တို့၏ လုပ်ငန်းကို လုပ်ကိုင်သူ ဖြစ်၍ ဘုရားရှင်က ချီးမွမ်း တော်မူပါသည်။

သို့ဖြစ်ရာ ပရဟိတ လုပ်ငန်း ဆောင်ရွက်သူသည် သူတော်ကောင်း စိတ်ရှိသူများ ဖြစ်၍ လေးစား ဂုဏ်ပြုအပ် သူများ ဖြစ်သည်။ ထိုနည်းတူစွာ အများအကျိုး အခမဲ့ ဆောင်ရွက် ကြရာတွင် ပရဟိတ အမည်ဆိုင်းဘုတ် ကို အသုံးပြု၍ ကိုယ်ကျိုး စီးပွား ဆောင်ရွက်ခြင်း ကိုလည်း ပရဟိတ လုပ်ကိုင် သူများက ရှောင်ကြဉ်ရန် လိုသည်။ သို့မှသာ လွတ်လပ် ပွင့်လင်း လာသော စနစ်နှင့်အတူ နိုင်ငံတော် နှင့် လူမျိုး ၊ ဘာသာ သာသနာ အတွက် ပရဟိတ ဆောင်ရွက် သူများ၏ ရည်ရွယ်ချက် ရည်မှန်းချက် များ အောင်မြင်၍ လိုရာ ခရီးလမ်း လျှောက်လှမ်း နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment