Pages

Monday, May 5, 2014

နွေရာသီ နှင့် ကျန်းမာရေး အတွက် အစားအစာ


နွေရာသီ နှင့် ကျန်းမာရေး အတွက် အစားအစာ

နွေရာသီတွင် လူ့ခန္ဓာကိုယ် အတွင်း၌ ရေဓာတ် အလွယ်တကူ ခန်းခြောက် နိုင်သောကြောင့် ခြစ်ခြစ်တောက် ပူသော နေဒဏ် အောက်တွင် ရေဓာတ် ပြန်လည် ဖြည့်တင်း နိုင်ရန် လိုအပ်သည်။ ချွေးထွက်များ ခြင်းကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်နှင့် ဆားဓာတ်များ ဆုံးရှုံး တတ်သည်။

ထိုကဲ့သို့ လူတို့၏ ခန္ဓာကိုယ် အတွင်း ရေဓာတ်နှင့် ဆားဓာတ်များ ဆုံးရှုံးသော အခါ ကိုယ်ပူခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက် စားချင်စိတ်၊ သောက်ချင်စိတ် မရှိခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးပူခြင်း၊ အစာအိမ် နာခြင်း၊ သွေးပေါင် ကျခြင်း၊ ရင်တုန်ခြင်း တို့ ဖြစ်နိုင် သောကြောင့် အရည်များများ သောက်ရန် လိုအပ်သည်။

နွေရာသီတွင် ချွေးထွက် များပြီး ရေဓာတ် ခန်းခြောက် စေသော အစားအစာ များကို ရှောင်ရှား သင့်သည်။ ဥပမာအားဖြင့် ကော်ဖီသည် ရေဓာတ် ခန်းခြောက် လွယ်သောကြောင့် ကော်ဖီကြိုက် သူများ ကော်ဖီကို လျှော့သောက် သင့်သည်။ ထို့ပြင် ချောကလက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးနှင့် ပူစပ်သော အစားအစာ များမှာ ချွေးထွက်များ စေသောကြောင့် နွေရာသီတွင် အလွန် အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ် သင့်သည်။

နွေရာသီတွင် ရေဓာတ် များပြီး အရည်ရွှမ်းသော အသီးအနှံ များကို စားခြင်းအားဖြင့် ရေဓာတ် လျော့နည်း ခြင်းမှ တားဆီး နိုင်သည်။ ဖရဲသီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဆလတ်ရွက်၊ ဒိန်ချဉ်နှင့် နို့ထွက် ပစ္စည်းများ ကို စားသုံး ပေးပါက ခန်းခြောက် သွားသော ရေဓာတ်ကို ဖြည့်တင်း ပေးရာ ရောက်မည် ဖြစ်သည်။

နွေရာသီနှင့် အလိုက်ဖက်ဆုံး အသီးမှာ ဖရဲသီး ဖြစ်သည်။ ဖရဲသီးတွင် ရေဓာတ်များစွာ ပါဝင် သောကြောင့် ရေငတ်ပြေ စေပြီး အစာကြေ လွယ်စေသည်။ အမျှင်ဓာတ် များစွာ ပါဝင်ပြီး ကယ်လိုရီ နည်းသောကြောင့် ကျန်းမာရေး အတွက် သင့်လျော်သည်။

ရေများများ သောက်ခြင်း သည် ခန္ဓာကိုယ် အတွင်း ရေဓာတ် ဖြည့်တင်း ထားနိုင်ရန် အတွက် အလွယ်ကူ ဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်း ဖြစ်သည်။ ခန္ဓာကိုယ်တွင် ရေ အလုံအလောက် ရှိနေလျှင် ကိုယ်အပူချိန်ကို ပုံမှန် ထိန်းညှိ ပေးနိုင်ရန် ပိုမို လွယ်ကူ စေသည်။

သို့သော် ချွေးထွက်များ လွန်းသူများတွင် ခန္ဓာကိုယ်မှ ဆားဓာတ် ဆုံးရှုံးမှုများ သဖြင့် ဆားဓာတ် မပါသော ရေကို သောက်သုံးပါက ကြွက်သားများ နာကျင် တောင့်တင်းခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဓာတ်ဆားရေ ကိုသာ အဓိက သောက်သုံး သင့်သည်။

သို့ဖြစ်ရာ နွေရာသီတွင် လူတို့၏ ခန္ဓာကိုယ်၌ ရေဓာတ် ခန်းခြောက်မှု များသောကြောင့် ရေဓာတ်ကို ပြန်လည် ဖြည့်တင်း ပေးမည့် အစားအစာ များကို စားသုံးခြင်းဖြင့် နွေ၏ အပူဒဏ်ကို ခံနိုင်ပြီး ကျန်းမာရေး အတွက်လည်း အထောက် အကူပြု နိုင်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment