Pages

Monday, May 5, 2014

ရွေးချယ်ရမယ့် နေရာ


ရွေးချယ်ရမယ့် နေရာ

မဒါလေး

ဒီနေရာကနေ ထွက်လာခဲ့ ပါပြီ။ နောက်ဆုံး ခေါင်းငုံ့ပြီး ထွက်လာခဲ့ တဲ့နောက် ရင်ကိုကော့ ခေါင်းကိုမော့၍ ကြည့်လိုက်သည်။ ပြာလဲ့လဲ့ ကောင်းကင်ပြာကြီး နှင့်အတူ နေမင်းရဲ့ တောက်ပခြင်းက အခြားနေ့တွေ နှင့် မတူအောင် ခြားနားလျက် ရှိသည်။ လေးထောင့်ပုံ တံခါးဝမှ ခေါင်းငုံ့ပြီး ဝင်ခဲ့စဉ်က ကြောက်လို့ ငိုတာကလွဲလို့ ဘာခံစားချက်မှ မရှိခဲ့။ ယခု ပြန်အထွက်တွင် တွေးစရာတွေက ပြည့်နှက်လျက်...။

ကျွန်မနာမည် မျိုးမျိုး၊ ကျွန်မ နေတာကတော့ မြစ်ဆိပ်ကမ်း ဘေးက ပျံကျရပ်ကွက် လို့ ခေါ်ရမလား။ ကျူးကျော် ရပ်ကွက်လို့ ခေါ်ရမလား။ စွန့်ပစ်ရပ်ကွက် လို့ ခေါ်ရမလား။ အဆင်မပြေရင် မပြေသူများ၊ အလုပ်မရှိရင် မရှိသူများ၊ ရရစားစား၊ လူတန်းစားများ စုဝေးနေထိုင် တဲ့နေရာမှာပေါ့။

ကျွန်မ အလုပ်ကလား...။ ကျွန်မအလုပ် ကတော့ ဘာရယ်မသိ။ ကျွန်မ အလုပ်လုပ်တဲ့ နေရာကတော့ ၃၅လမ်း ခုံးကျော်တံတား တစ်ဝိုက်ပါပဲ။ အဲဒီနေရာကို ကျွန်မ ငယ်ငယ် ကတည်းက ကျွန်မရဲ့ မိဘလို့ သတ်မှတ်ခံ ရသူတွေနဲ့ အတူ အလုပ်လုပ် ခဲ့ပါတယ်။ အလုပ်ကလား။ ကျွန်မအလုပ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အလုပ်လို့ ပြောရ မလားပဲ။ ခုံးကျော်တံတား ပေါ်လာတဲ့ ဆိုင်ကယ်တွေ၊ ကားတွေဆီက တောင်းတဲ့ အလုပ်ပါ။ ဘာတွေ တောင်းတာလဲ တော့ မမေးနဲ့။ ပေးတာအကုန် ယူပါတယ်။ တချို့ ရေသန့်ဘူး၊ အအေးဘူး၊ ပိုက်ဆံတွေ၊ ပဝါလေးတွေ၊ မုန့်တွေ အမျိုး အတော်စုံ ပါတယ်။ ရတဲ့ပစ္စည်းနဲ့ စားစရာတွေ ကိုတော့ ကျွန်မ ယူပါတယ်။ ပိုက်ဆံကိုတော့ မိဘတွေကို အပ်ရပါတယ်။ သူတို့ လဲ အကုန်လုံးတော့ မသုံးရ ပါဘူး။ ကျွန်မတို့ အလုပ်မှာလဲ လူကြီး ရှိတယ်လေ။ လူကြီးဆီကို ဒီနေရာ အတွက် ပေးရ သေးတယ်။ ကျွန်မ ဒီအလုပ်ကို မွေးကင်းစ ကတည်းက လုပ်ခဲ့ သလားတော့ မသိပါဘူး။ တစ်ခါတစ်ခါ ပြောသံကြား တာတော့ ကျွန်မ ငယ်ငယ်တုန်းက ကံကောင်း တယ်တဲ့။ ငွေရှာရတာ ပိုလွယ်တယ် ဆိုပဲ။

ဒီလိုနဲ့ ကျွန်မအသက် ၁၄- ၁၅ နှစ်လောက် ရောက်လာခဲ့ပါပြီ။ တစ်နေ့ ဆိုင်ကယ်နဲ့ အစ်မနှစ်ယောက်၊ သုံးယောက် ကျွန်မတို့ အလုပ်လုပ်ရာ ခုံးကျော်တံတား ဆီ ရောက်လာပြီး ''ညီမလေး...ညီမလေး တို့ '' လို့ ခေါ်ပါတယ်။ ကျွန်မနဲ့ ကျွန်မ သူငယ်ချင်း စကားပြောတုန်း ဖြစ်ပါတယ်။ ဒီလို ခေါ်သံမျိုး ဒီတစ်ခါ ပထမဆုံး ကြားဖူးတာမို့ ရင်ထဲမှာ ဘယ်လို ဖြစ်မှန်း မသိပါဘူး။ ဖော်ရွေတဲ့ မျက်နှာနဲ့ လှပတဲ့ မမတွေကို တွေ့တော့ ကျွန်မကိုယ် ကျွန်မ အားငယ် သလိုလို၊ ဘာလိုနေမှန်း မသိ။ သူတို့ ခေါ်ရာကို အပြေးသွား လိုက်ပါတယ်။ ကျွန်မတို့ရဲ့ အသက်၊ နေရပ်လိပ်စာ၊ မိဘရှိ၊မရှိ၊ အလုပ်အကိုင်၊ အကုန်မေး ပါတယ်။ ပြီးတော့ အဲဒီအစ်မ တွေက ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်ကို အလုပ်တစ်ခု လောက် မလုပ်ချင် ဘူးလား။ နေ့စဉ်ပုံမှန် ဝင်ငွေရပြီး တခြား မိန်းကလေး တွေလို လှလှပပ နေနိုင်မယ်တဲ့။ စိတ်ဝင်စား သွားပါတယ်။ ဒီလို လှလှပပ အစ်မလေး တွေမြင်ရတော့ သူတို့ကို အားကျမိ ပါတယ်။ သူတို့မှာ အလုပ်ရှိတယ်။ အိမ်ရှိတယ်။ ဆိုင်ကယ်ရှိတယ်။ ခဏတာ အတွေးများ ပျံ့လွင့်သွား ပါတယ်။ အလုပ်လုပ် မယ်ဆိုရင် စဉ်းစားဖို့နဲ့ မနက်ဖြန် ပြန်လာမယ်လို့ ပြောပြီး ထွက်သွား ပါတယ်။

ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် ခေါင်းချင်းဆိုင် မိပါတယ်။ သူငယ်ချင်း ကလဲ သူ့လက်ထဲမှာ ချီထားတဲ့ သူ့ရဲ့ မောင်လေး နီတာရဲ လေးကို ကြည့်ပြီး ''ငါတို့ အဲဒီ အလုပ်လုပ် ရင် ငါ့မောင်လေးလဲ အပြင်သိပ် မထွက်ရဘူး။ ကလေးကလဲ နို့ဆာလွန်း လို့ ငိုနေတာတောင် သနား မယ့်သူ မရှိဘူး။ အမေကလဲ မလာသေးဘူး အေ'' လို့ ပြောပါတယ်။ အဲဒီနေ့က အလုပ် ထိထိမိမိ မလုပ်တဲ့ အတွက် ကျွန်မတို့ အဆူခံရပါတယ်။

နောက်တစ်နေ့ မနက်မှာ ဆိုင်ကယ်နဲ့ လာခဲ့တဲ့ အစ်မတွေ ပြန်ရောက် လာပါတယ်။ ကျွန်မတို့ နှစ်ယောက်က အလုပ်လုပ်မယ်၊ ဘာလုပ် ရမလဲ လို့မေးတော့ မနက်ဖြန် လာခေါ်မယ် လို့ ပြောပါတယ်။ ကျွန်မတို့ကို အဝတ်အစား အသစ် တစ်ယောက် တစ်စုံစီ ပေးသွား ပါတယ်။ ပြီးတော့ မနက်ဖြန် ဒီတံတား အောက်က စောင့်နေပါလို့ ပြောသွား ပါတယ်။

မနက် အစော ကတည်းက ကျွန်မတို့ တက်ကြွ နေပါတယ်။ အဝတ်အစား အသစ်တွေနဲ့ ဆိုတော့ တစ်မျိုးကြီး ဖြစ်နေပါတယ်။ မှန်ကြည့်ချင် ပေမယ့် မှန်ကမရှိလို့ ကျွန်မတို့ သွားရာလမ်းမှာ မှန်တံခါးတွေ ပိတ်ထားတဲ့ ဆိုင်ရှေ့ ရောက်မှ ကြည့်မယ်လို့ တိုင်ပင်လိုက် ပါတယ်။ မှန်တံခါးရှေ့ ရောက်တော့ မကြာခဏ ခိုးကြည့် မိပေမယ့် ကိုယ့်ကိုယ်ကိုယ် သေသေချာချာ မကြည့်ရဲ ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လှတယ် လို့ပြောရင်း ထွက်လာခဲ့ ပါတယ်။

ကျွန်မတို့ ထွက်လာတော့ အဲဒီအစ်မတွေ မရောက်သေး ပါဘူး။ အနီး အနားက ဆိုက်ကားသမား တွေကလဲ ကျွန်မတို့ကို ကြည့်ပြီး ထူးဆန်း နေကြ ပါတယ်။ တချို့က စနောက် ကြတယ်။ တချို့က ညည်းတို့ ဒီလို အလုပ်လုပ် မယ်ဆိုတာ ကောင်းတယ်လို့ ပြောကြပါတယ်။ ခဏအကြာမှာ လာခေါ်တဲ့ အစ်မတွေ ရောက်လာလို့ ကျွန်မတို့ လိုက်သွားကြ ပါတယ်။ ကျွန်မတို့ ဆပ်ပြာစက်ရုံ တစ်ခုမှာ ဆပ်ပြာထုပ် ထည့်ရတဲ့ အလုပ်လုပ် ရပါတယ်။ တစ်လငွေကျပ် ၃ဝဝဝဝ ရမယ်လို့လဲ ပြောပါတယ်။ ကျွန်မ တို့ကို မြင်မြင်သမျှ လူတွေက ကြည့်နေကြ ပါတယ်။ အသစ်မို့လို့ ဟု အစ်မတွေက ပြောပါတယ်။

စက်ရုံက တာဝန်ရှိတဲ့ သူထံမှာ ကျွန်မတို့ကို အပ်ထားခဲ့ ပါတယ်။ အဲဒီနေ့က ကျွန်မတို့ဘဝ အတွက် အထူးအဆန်းနေ့ ဖြစ်ခဲ့ရ ပါတယ်။ နောက်တစ်ရက်၊ နှစ်ရက် ကြာတော့ အလုပ်ထဲမှာ မပျော်တော့ပါဘူး။ ဒီလိုနဲ့ တစ်ပတ်ပြည့်ခဲ့ ပါတယ်။ ဒီဝင်းကြီးထဲမှာ နေရတာ ကျဉ်းလွန်း တယ်လို့ ထင်ပါတယ်။ ဘာမှလဲ မမြင်ရဘူး။ ပြီးတော့ လစာနဲ့ဆိုတော့ ပိုက်ဆံက လကုန်မှရမှာ။ ကျွန်မတို့ အရင်အလုပ်က နေ့စဉ်ဝင်ငွေ ရတယ်။ တစ်ခါတလေ တစ်ရက်တည်း ငွေကျပ် ၅ဝဝဝ လောက် ရတာလဲ ရှိတယ်။ အဲဒီနေ့ တွေဆိုရင် ကျွန်မတို့ ဗိုက်ပေါက်အောင် စားကြ ရတယ်။

နောက်ရက်မှာ အလုပ်မသွားဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။ သူငယ်ချင်း ကလဲ ကိုယ့်အလုပ်နဲ့ ကိုယ်ပဲ ကောင်းပါတယ်လို့ ပြောပါတယ်။ ဒီအလုပ် နေရာက ကျွန်မတို့နဲ့ မကိုက်ဘူး တဲ့လေ။ ဒီလိုနဲ့ ကျွန်မတို့ ၃၅ လမ်း ခုံးကျော်ကို ပြန်ရောက် လာခဲ့ ပါတယ်။ ကျွန်မတို့ကို အလုပ်သွင်း ပေးခဲ့တဲ့ အစ်မတွေနဲ့ ထပ်တွေ့ သေးတယ်။ စ တွေ့တွေ့ချင်း အစ်မတွေ ရဲ့မျက်နှာမှာ အတော် အံ့သြနေပုံ ရပါတယ်။ ဒီတစ်ခါတော့ သူတို့က ဘာမှ မပြောတော့ ပါဘူး။ ကျွန်မတို့ကို သနားသလို အကြည့်နဲ့ ကြည့်ပြီး ပြန်သွား ပါတယ်။ နောက်ပိုင်း အဲဒီအစ်မတွေ ကျွန်မတို့ နေတဲ့နေရာကို လာပြီး အင်္ကျီတွေ၊ ဆပ်ပြာတွေ၊ ဆေးတွေပေး၊ စကားတွေ အများကြီး ပြောပြီး ပြန်သွားကြ ပါတယ်။ သူတို့လာရင် ပစ္စည်းတွေ ရလို့ ကျွန်မတို့ ပျော်ပါတယ်။ ဘာတွေ ပြောသလဲတော့ ဘယ်သူမှ စိတ်ဝင်စားပုံ မပေါ်ပါဘူး။ နေရာတစ်ခုက ထွက်သွားပြီးရင် အဲဒီနေရာကို ပြန်လာဖို့ အတော်ခက်တယ် ဆိုတာ အခုမှ လက်တွေ့ သိလာရ ပါတယ်။

လူတွေက အထူးအဆန်းလို ကြည့်နေကြ တယ်။ ကြာတော့ ဒီအလုပ်မှာ မပျော်တော့။ လှချင်တိုင်းလဲ လှလို့မရ။ ပျော်ချင်တိုင်းလဲ ပျော်လို့မရ။ ဒီလိုနဲ့ လူတစ်ယောက် က ဒီထက်ကောင်း တဲ့ အလုပ်ရမယ်။ ဝတ်ကောင်းစားလှ တွေနဲ့ ကောင်းကောင်း နေရမယ်။ တစ်ရက်ကို ငွေကျပ် လေးငါးသောင်း လောက်ရမယ့် အလုပ်ရှိတယ်။ လုပ်မလားလို့ ပြောပါတယ်။ လုပ်ဖို့လဲ ဆုံးဖြတ်လိုက် ပါတယ်။ ကျွန်မ လှချင်တယ်။ ကျွန်မ ကောင်းကောင်း နေချင် လာတယ်။ ကျွန်မမှာလဲ ကျွန်မ အိပ်မက်ရှိတယ် မဟုတ်ပါလား။ နောက်တစ်နေ့ ခမ်းနားတဲ့ အိမ်ကြီး တစ်လုံးရဲ့ အရှေ့ကို ခြေချမိတယ် ဆိုရင်ပဲ ရင်တွေ တဒိန်းဒိန်း ခုန်နေပါတယ်။ ကျွန်မကို ခေါ်တဲ့ သူရဲ့ နောက်ကလိုက် သွားရင်း စိတ်က ကြောက်လန့် နေပါတယ်။ အိမ်ရှင် အဒေါ်ကြီးက ပျူငှာစွာ ကြိုဆိုပါတယ်။ ညနေ သူရဲ့ယောက်ျား ပြန်လာရင် အလုပ်အားလုံး စီစဉ်ပေးမယ်လို့ ပြောပြီး ခေါ်လာတဲ့ လူကို ပြန်လွှတ်လိုက် ပါတယ်။ အဲဒီနောက် ကျွန်မကို အပေါ်ထပ်မှာ နေရာ ပေးပါတယ်။ အဲဒီနေရာမှာ ကျွန်မလိုပဲ မိန်းကလေးတွေ လေးငါး ယောက်လောက် ရှိပါတယ်။ အဝတ်အစား အဆန်းတွေနဲ့ သူတို့ကိုတွေ့ တော့ ပျော်သလို ဖြစ်သွားပါတယ်။ သိပ်မပျော် လိုက်ရပါ။ ညနေရောက် တော့ လူတစ်စု အိမ်ထဲဝင်လာပြီး ကျွန်မတို့ကို လာခေါ်ပါတယ်။ အားလုံးလိုက်ခဲ့ဖို့ ပြောပါတယ်။ ခြံထဲ ရောက်တော့ အပြာရောင် ကားပေါ်ကို ကျွန်မတို့အားလုံး တက်ခဲ့ပါတယ်။ ကြောက်လွန်းလို့ ငိုနေ တာကလွဲလို့ ဘာမှ မတတ်နိုင် ခဲ့ပါ။ ကျွန်မ နေရာ အရွေးမှား သွားခဲ့ပါပြီ။ ဗဟုသုတ ဘာမှမရှိ၊ ဘာမှ မေးမြန်းစူးစမ်း တာမျိုး မလုပ်ဘဲ ဒီအလုပ်ကို ငွေတစ်ခုတည်း အတွက် လိုက်ခဲ့မိ ပါတယ်။ လောဘရဲ့ အပြစ်ဒဏ်ကို ကျွန်မ ခံရပါပြီ။ တရားရုံးက ပြစ်ဒဏ် ၂နှစ် ချမှတ်ခဲ့ပါတယ်။

ကျွန်မဘာမှ မလုပ်ပါဘူးလို့ ငြင်းလို့ ကလဲမရ။ ကျွန်မကို အဲဒီ အိမ်က ဖမ်းလာတာ သေချာတာကြောင့် တဲ့လေ။ ဒီနေရာကို ရောက် တော့လဲ အဆင့်အတန်း ခွဲခြားမှု တွေကို တွေ့ရတယ်။ ကျွန်မတို့ကို ဝါရင့်ကြီး တွေက ကြက်ကလေး၊ ငှက်ကလေး တွေလို့ တင်စား ကြတယ်။ သူတို့တွေက ကိုယ်ပိုင် အဆောင်တွေနဲ့ သတ်မှတ်ေ နရာတွေမှာ နေကြ ပါတယ်။ ကျွန်မတို့ ကတော့ အဆောင် တစ်ခုထဲမှာ အကုန်စုပြုံ ပြီးနေ ရပါတယ်။ ကြိုးကြိုးစားစား နဲ့ လိမ်လိမ်မာမာ နေရင် မြန်မြန်ထွက် ရမယ်ဆိုတဲ့ စကားတစ်ခု ကိုသာ နားထဲ ကြားယောင် နေမိပါတယ်။

အဲဒီစကားကို ကျွန်မ လိုက်နာခဲ့ ပါတယ်။ ကြိုးစားခဲ့ ပါတယ်။ အခုတော့ ကျွန်မ အောင်မြင်ခဲ့ပြီး ဒီနေရာက စွန့်ခွာဖို့ အချိန်ကျလာ ခဲ့ပါပြီ။ ရှေ့မှာ ကြိုမမြင် နိုင်တဲ့ နေရာတွေ အတွက် ကျွန်မ ဒီနေရာက ထွက်ရအုံးမယ်။ နောက်ဆုံး ခေါင်းငုံ့ပြီး ထွက်လာခဲ့တဲ့ နောက် ရင်ကိုကော့ ခေါင်းကို မော့လို့ ကြည့်လိုက် ပါတယ်။ ပြာလဲ့လဲ့ ကောင်းကင်ပြာကြီး နဲ့အတူ နေမင်းရဲ့ တောက်ပခြင်း တွေက တခြားနေ့ တွေနဲ့မတူအောင် လှပလျက် ရှိပါတယ်။

#Yadanarpondaily

No comments:

Post a Comment