Pages

Wednesday, May 14, 2014

ပြင်ရ ဆင်ရ ကျောင်းသားမိဘ



ပြင်ရ ဆင်ရ ကျောင်းသားမိဘ

ယောသူလေး

နှစ်စဉ် မေလကုန် ဇွန်လဆန်းသည် မြန်မာနိုင်ငံရှိ အခြေခံကျောင်းများ စတင် ဖွင့်လှစ်သည့် ကာလဖြစ်သည်။ မကြာမီ အခြေခံကျောင်းများ ဖွင့်လှစ် တော့မည် ဖြစ်၍ ကျောင်းသား မိဘများ ကျောင်းအပ်ရာသီ အမီ မိမိတို့၏ ကလေးများ ပညာသင်ကြား နိုင်ရေးအတွက် လိုအပ်သည် များကို ဖြည့်ဆည်းရန် ပြင်ဆင် နေချိန်လည်း ဖြစ်သည်။

" နောက်လဆို ကျောင်းတွေ ဖွင့်တော့မယ် ၊ အိမ်မှာ အလယ်တန်း ကျောင်းသား ၂ ယောက်နဲ့ အထက်တန်း ကျောင်းသူ တစ်ဦး ရှိတယ် ၊ ကျောင်းဖွင့်ချိန် မှာ ကလေးတွေ အတွက် လိုအပ်တာတွေ ကို စဉ်းစားပြီး ပူပန် ရပါတယ် ၊ ကလေးတွေကို မနှစ်က အဆင်မပြေလို့ ကျောင်းဖွင့် ရာသီမှာ ကျောင်းဝတ်စုံတွေ မ၀ယ်ပေး နိုင်ခဲ့ဘူး ၊ ဒီနှစ်မှာတော့ မဖြစ်မနေ ၀ယ်ပေးရမယ် ၊ ဗလာစာအုပ် ၊ လွယ်အိတ် ၊ မိုးကာ ၊ ထီး ၊ ထမင်းဘူး ၊ ကျောင်းဝတ်စုံ လိုတာတွေကို ကျောင်းဖွင့်ချိန် အမီ ၀ယ်ပေးရမယ် ... " ဟု ပခုက္ကူမြို့ ရှိ ကျောင်းသား မိဘတစ်ဦးက ရင်ဖွင့်ခဲ့သည်။

ယနေ့ခေတ်တွင် မူလတန်း ကျောင်းသား တစ်ဦးအတွက် ကျောင်းဝတ်စုံ တစ်စုံလျှင် အနည်းဆုံး ငွေကျပ် ၃၀၀၀ ၀န်းကျင်နှင့် အထက်ရှိပြီး အလယ်တန်း နှင့် အထက်တန်း ကျောင်းသား တစ်ဦးအတွက် ကျောင်းဝတ်စုံ တစ်စုံလျှင် ငွေကျပ် ၅၀၀၀ ၀န်းကျင်နှင့် အထက် ကုန်ကျမှု ရှိသည်။ ခေတ်ရေစီးကြောင်း အရ ကလေးများ ကျောင်းလွယ်အိတ် အသုံးနည်း သွားသည်။ ကျောပိုးအိတ် များကို ကျောင်းလွယ်အိတ် အဖြစ် သုံးကြသည်။ ကျောပိုးအိတ် တစ်လုံး အနည်းဆုံး ငွေကျပ် ၃၀၀၀ နှင့် အများဆုံး ငွေကျပ် တစ်သောင်းကျော် အထိ ဈေးရှိသည် ဟု သိရသည်။ ဗလာစာအုပ် တစ်ဒါဇင်လျှင် အနည်းဆုံး ငွေကျပ် ၁၂၀၀ ၀န်းကျင်မှ ငွေကျပ် ၃၀၀၀ ကျော်ထိ အမျိုးအစားပေါ် မူတည်ကာ ဈေးကွာခြားမှု ရှိသည်။

" ကျောင်းအပ်ရင် မူလတန်း ကလေးက ပိုက်ဆံ မကုန်ပါဘူး ၊ နိုင်ငံတော် က အခမဲ့ စနစ်နဲ့ ကျောင်းနေ အရွယ် ကလေးတွေ ကျောင်းရောက်အောင် စီစဉ် ပေးထားတယ် ၊ မနှစ်က ကျွန်မ ကလေး ကျောင်းအပ်တာ ၁၀၀၀ ကျပ် တောင် ပြန်ရလိုက် သေးတယ် ၊ အလယ်တန်း နဲ့ အထက်တန်း ကလည်း ထောင်ဂဏန်းပဲ ကုန်တာ ၊ အခြေခံ လူတန်းစား တွေအတွက် ကျောင်းအပ်ခက ကလေးတွေကို ကျောင်း မပို့နိုင်စရာ မရှိပေမယ့် နောက်ဆက်တွဲ ကုန်ကျမယ့် စာအုပ်ဖိုး ၊ ဘောလ်ပင် ၊ ကျောင်းဝတ်စုံ ၊ ကျောင်းတက်စဉ်မှာ ကုန်ကျနိုင်တဲ့ အထွေထွေ စရိတ်တွေ ကြောင့်သာ ကျောင်းပညာ ကို ဆက်မထား ကြတာ ဖြစ်နိုင်ပါတယ် ... " ဟု ကျောင်းဆရာမ တစ်ဦးက ရှင်းပြ ခဲ့သည်။

လက်ရှိ အချိန်သည် ငွေကြေး လိုအပ်ချက် ရှိသော ကျောင်းသား မိဘများ ဦးနှောက်ပူ ရချိန် ၊ အတွေးပေါင်းစုံ ဖြင့် ကြိုတင် စီစဉ်မှုများ ပြုလုပ် နေရချိန်လည်း ဖြစ်သည်။

" ကျွန်မမှာ ကလေး ၆ ယောက် ရှိတယ် ၊ အကြီးဆုံးသားက မနှစ်က ၁၀ တန်း တက်ရမှာ ၊ သူ့အဖေ အလုပ် အဆင်မပြေ တာနဲ့ ကျောင်း ဆက်မထားနိုင်ဘဲ ပန်းရန် အလုပ်ထဲ သွင်းလိုက် ရတယ် ၊ ဒီနှစ် ဒုတိယ သမီးက ကိုးတန်း တက်ရမယ် ၊ အလယ်တန်း ၂ ယောက် ၊ မူလတန်း တစ်ယောက် ရှိတယ် ၊ အငယ်ဆုံး လေးက ၂ နှစ်ပဲ ရှိသေးတယ် ၊ ကလေးတွေကို ပညာနဲ့ အသက်မွေး စေချင် ပါတယ် ... " ဟု ကျောင်းသား မိဘတစ်ဦးက ဆိုသည်။

" မေမေ ၊ သမီးက ဒီနှစ် ထမင်းဘူး အသစ် ၊ လွယ်အိတ် အသစ် လိုချင်တယ် ၊ မနှစ်က ကျောင်းဝတ်စုံ တွေက နွမ်းနေပြီ ၊ သေးလည်း သေးသွားပြီ ၊ အခုချိန် ကျောင်း မဖွင့်သေးတော့ ကျောင်းသုံး ပစ္စည်းတွေ ဈေးမတက် သေးဘူး ၊ အခု ကြိုပြီး ၀ယ်ပေးပါနော် .... " ဟု အလယ်တန်း ကျောင်းသူ တစ်ဦးက မိခင် ဖြစ်သူကို ပူဆာနေသည်။

သားသမီး များ၏ လိုအပ်ချက် များ ၊ လိုအင်ဆန္ဒ များကို မဆိုင်းမတွ ဖြည့်ဆည်း ပေးလိုသော ၊ သားသမီး များ၏ အနာဂတ်ကို ထာဝရ လှပ စေလိုသော မိဘများ၏ စိတ်ဝယ် မိမိရင်သွေး၏ လိုအင်ဆန္ဒ များကို ဖြည့်ဆည်း ပေးချင်နေမည် မှာမလွဲ။ ကျောင်းဖွင့်ချိန် ကျောင်း၌ သူများနည်းတူ ကိုယ့် သားသမီ များကို နေထိုင် သွားလာ နိုင်ရေးအတွက် ကျောင်းသား မိဘများက လိုအပ် သည်များကို ပံ့ပိုးပေးရန် ပြင်ဆင် နေကြပြီ။ သားသမီးများ ၏ လိုအင်ဆန္ဒ ကို ဖြည့်ဆည်း ပေးကြသော မိဘများ ၏ တစ်ခုတည်းသော မျှော်လင့်ချက် မှာ မိမိတို့၏ သားသမီး များကို ကျောင်းပညာ ထူးချွန်စွာ တတ်မြောက် အောင်မြင်ဖို့ ပင်။ မိဘများ၏ စိတ်ကူး မျှော်လင့်ချက် များကို ဒီနှစ် ကျောင်းဖွင့် ရာသီတွင် ကျောင်းသား လူငယ်များ အနေဖြင့် ဖြည့်ဆည်း ပေးနိုင် ကြပါစေဟု ဆုမွန် ခြွေမိပါသည်။

#Themyawadydaily

No comments:

Post a Comment