Pages

Friday, May 16, 2014

သဘာဝဘေးအန္တရာယ် လျော့ပါးရေး အားလုံး ပူးပေါင်းဆောင်ရွက်


သဘာဝဘေးအန္တရာယ် လျော့ပါးရေး အားလုံး ပူးပေါင်းဆောင်ရွက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း သည် ဧရာဝတီတိုင်း ဒေသကြီး အတွင်း သဘာဝ ဘေးဒဏ် စီမံခန့်ခွဲရေး ဆိုင်ရာ ကြိုတင်ပြင်ဆင် ထားရှိမှု များအား မေ ၁၃ ရက်တွင် လှည့်လည် ကြည့်ရှု စစ်ဆေးစဉ် ပြင်စလူ မြို့နယ်ခွဲ ဆေးရုံအဖြစ် ဖွင့်လှစ်ထားသော မုန်တိုင်းဒဏ်ခံ အဆောက်အအုံရှိ ကယ်ဆယ်ရေး ပစ္စည်း သိုလှောင်ခန်း၊ အမျိုးသမီး လူနာဆောင်၊ ဓာတ်မှန်ခန်း၊ စမ်းသပ် ကုသခန်း၊ သွားဘက်ဆိုင်ရာ ဆေးခန်းများ သို့ သွားရောက် စစ်ဆေးခဲ့ပြီး မုန်တိုင်း ဇာတ်တိုက် လေ့ကျင့်မှု အစီအစဉ်ကို ကြည့်ရှု အားပေးကာ ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့သည်။

ဒုတိယသမ္မတ သည် မုန်တိုင်း ဇာတ်တိုက် လေ့ကျင့်မှု အစီအစဉ် များကို ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံရာ၌ '' ယခု ဇာတ်တိုက် လေ့ကျင့်ခန်း များကို လုပ်ဆောင် ထားခြင်းအားဖြင့် တကယ့် အရေးကြုံလာ သည့်အခါ ဘေးအန္တရာယ် အနည်းဆုံးဖြင့် ရင်ဆိုင် ကျော်လွှား နိုင်မည် ဖြစ်ကြောင်း၊ သဘာဝဘေး ကြိုတင် ကာကွယ်ရေး အသိပညာပေး စာစောင်များတွင် ရှင်းလင်း ဖော်ပြ ထားချက်များ အတိုင်း လိုက်နာ သွားကြရန် လိုအပ် ပါကြောင်း ... '' ဖြင့် မှာကြားခဲ့သည်။

သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ လာချိန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် ပြည်ထောင်စု အဆင့်နှင့် ဒေသန္တရအဆင့် ကော်မတီ အသီးသီး ဖွဲ့စည်း၍ ကယ်ဆယ်ရေး၊ နေရာ ချထားရေး နှင့် ပြန်လည် ထူထောင်ရေး တို့ကို ဆောင်ရွက်ရန် ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ် သည် ကြိုတင် ကာကွယ်၍ မရနိုင်သော်လည်း ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက် နိုင်ရန် ဒေသန္တရ အဆင့်က ကြိုတင် ပြင်ဆင် ဇာတ်တိုက် လေ့ကျင့်မှု ဆောင်ရွက် ကြရာတွင် တစ်ဦးချင်းမှ သည် လူမှု အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ကြ ရမည် ဖြစ်သည်။

သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကြောင့် ဖြစ်သဖြင့် သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် အဓိက လိုအပ်ချက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပင် ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တွင် ရုပ်ပိုင်းဆိုင်ရာ ရှင်သန် ဖွံ့ဖြိုးရေး၊ ဓာတုပစ္စည်း များ စနစ်တကျ သုံးစွဲရေး၊ ရောဂါပိုးမွှား ဆိုင်ရာ ဇီဝဖြစ်စဉ်များ ကင်းဝေးရေး၊ ဒေသခံ ပြည်သူတို့၏ အသက် အန္တရာယ်နှင့် လူနေမှုဘဝ နိမ့်ကျ စေနိုင်သော အခြား ရှောင်ကြဉ်ဖွယ် များကို သတိပြုရေး တို့ ပါဝင်သည်။

ယနေ့ ကမ္ဘာ့ပြည်သူ များသည် မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင် ရေရှားခြင်း နှင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်သော သဘာဝ ဘေးအန္တရာယ် များနှင့် ကြုံတွေ့နေကြ ရသည်ဖြစ်ရာ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ကြိုတင် ပြင်ဆင်မှု လုပ်ငန်းစဉ် များတွင် ပြည်သူအားလုံး ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment