Pages

Friday, May 9, 2014

စာဖတ်ခြင်း ဖြင့် ဗဟုသုတ ရှာမှီး


စာဖတ်ခြင်း ဖြင့် ဗဟုသုတ ရှာမှီး

လူသား အားလုံးတို့၏ လူ့ဘ၀ ပတ်ဝန်းကျင် တွင် ဈေး အသက်သာဆုံး နှင့် တန်ဖိုး အမြင့်ဆုံး ရရှိနိုင်သော အရာမှာ စာဖတ်ခြင်း ဖြင့် ဗဟုသုတ ရှာမှီး ရမည် ဖြစ်သည်။ ထို့ကြောင့် လိမ္မာမှု ၊ အောင်မြင်မှု ၊ တိုးတက်မှု နှင့် ကောင်းကျိုး ချမ်းသာ ရရှိမှု တို့မှာ စာဖတ်ခြင်း အလေ့မှ ရရှိသော ကောင်းမှုများသာ ဖြစ်သည်။

စာဖတ်ခြင်းကြောင့် ဗဟုသုတ တိုးပွား လာရသည်မှာ ထာဝရ မှန်ကန်သော နိယာမ ဖြစ်သည်။ ပညာ ဗဟုသုတ တိုးပွား လာသည်နှင့် အမျှ ဘ၀သည် နိမ့်ရာမှ မြင့်ရာသို့ တက်လှမ်းနိုင်ခွင့်များ တွေ့မြင် လာရသည်။ ထို့ကြောင့် လူတိုင်း လူတိုင်း စာဖတ် ကြရန် လိုသည်။

စာပေ ဗဟုသုတ ရှိသူသည် စာပေ ဗဟုသုတ မရှိသူထက် အမြဲတမ်း ခေါင်းတစ်လုံး မြင့်နေတတ်သည်။ စာအမြဲ ဖတ်နေသည့် စိတ် ၊ ဦးနှောက်သည် အမြဲ နုပျို နေမည်။ တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြ၍ စာဖတ်သော လူမျိုးတိုင်း တိုးတက် ကြသည်။ ယဉ်ကျေး လိမ္မာသည့် တိုင်းကြီး ၊ ပြည်ကြီးသား များ ဖြစ်လိုလျှင် စာကောင်း ပေမွန် များကို များများ ဖတ်သင့်သည်။

" စာအုပ်စာပေ လူ့မိတ်ဆွေ "ဟု ဆိုသည့်အတိုင်း ဘယ်အခါမျှ မပြောင်းလဲသော ၊ မဖောက်ပ်ြနသော မိတ်ဆွေမျိုးကို ထာဝရ ပေါင်းသင်း ဆက်ဆံလိုလျှင် စာအုပ် စာပေထက် ကောင်းမွန်သည့် မိတ်ဆွေမျိုး မရှိဟု ဆိုချင်သည်။ စာတတ်ပါလျက် စာမဖတ် သူသည် မျက်စိ ကောင်းပါလျက် နှင့် အမှောင်ထဲတွင် ဘာမျှ မမြင်ရသူ နှင့် တူသည်ဟု ဆိုချင်သည်။

စာအုပ် စာပေတိုင်းသည် မကောင်းသော စာပေ ၊ မလေ့လာအပ်သော စာပေဟူ၍ မရှိ ၊ စာပေမှ ရသော ဗဟုသုတ ကိုသာ သုံးအပ်သည် ၊ မသုံးအပ်သည် ၊ ရှောင်သင့် ဆောင်သင့် သည်ကို ချင့်ချိန် ဝေဖန်ခြင်း သာလျှင် အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော် စာဖတ်ခြင်းသည် လူတိုင်းအတွက် အကျိုး ရှိသောကြောင့် ဖြစ်သည်။

စာဖတ်သူသည် မိမိ ပတ်ဝန်းကျင် ကို သတိပြုမိ လာသည်။ အရာရာကို သတိနှင့် ပြုမူ ဆက်ဆံမိ လာသည်။ မိမိဘ၀ တိုးတက်မှု အတွက် ပယ်ခွင်းသင့် သည်များ ၊ အတုယူ စရာများကို ကွဲကွဲပြားပြား သိလာမည်။ ထူးချွန် ထက်မြက် တိုးတက် အောင်မြင် သူများကို အားကျမိ လာမည် ဖြစ်သည်။ ဤသို့ ဆိုလျှင် စာဖတ်ခြင်းသည် မိမိ အသိဉာဏ်ပညာ တိုးပွား စေရုံသာမက အနာဂတ်တွင် လျှောက်လှမ်း ရမည့် ဘ၀ခရီးကိုလည်း ပြုပြင် တည့်မတ် ပေးနိုင်စွမ်း ရှိသည်။

စာဖတ်ခြင်း သည် အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းသည် ကို သိသောကြောင့် နိုင်ငံတော် အနေဖြင့် ကျေးလက် နှင့် မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်စေရန် ပညာဘဏ် စာကြည့်တိုက်များ ၊ စာဖတ်ခန်းများ အပြင် နယ်လှည့် စာဖတ်ခန်း ၊ စာပေ ရေချမ်းစင်များ ဖွင့်လှစ် ပေးလျက် ရှိသည်။

သို့ဖြစ်ရာ စာမဖတ်သူသည် တိုးတက်မှု ရပ်နေပြီး စာဖတ်သူသည် တိုးတက်မှု သွက်နေသည်။ ထို့ကြောင့် မိမိဘ၀ ၊ မိမိနိုင်ငံ ၏ အခြေအနေ တိုးတက် မြင့်မားလို သူတိုင်းသည် စာဖတ် ၀ါသနာ ရှိပြီး စာဖတ်ခြင်းဖြင့် ကောင်းသော ဗဟုသုတ များကို ရှာမှီးနိုင် ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment