Pages

Tuesday, May 13, 2014

ကဆုန်လပြည့် ဗုဒ္ဓနေ့ သွန်းမြဲညောင်ရေ ကောင်းမှုအထွေထွေ


ကဆုန်လပြည့် ဗုဒ္ဓနေ့ သွန်းမြဲညောင်ရေ ကောင်းမှုအထွေထွေ

မြန်မာ ပြက္ခဒိန်မှ ဆယ့်နှစ်လ ရာသီကို ရတုခြောက်ပါး ခွဲခြားရာ၌ တန်ခူးလနှင့် ကဆုန်လ တို့ကို ဝသန္တ ဥတု ဟူ၍ လည်းကောင်း၊ ဥတုခြောက်ပါး ခွဲခြားရာ၌ တပေါင်း လဆုတ် ၁ ရက်မှ ကဆုန် လပြည့်နေ့ အထိကို ဝသန္တ ဟူ၍ လည်းကောင်း ခွဲခြားထား လေရာ ယနေ့ ကဆုန် လပြည့်နေ့သည် ဝသန္တ နွေဦးကာလ ပင် ဖြစ်သည်။

ကုန်းဘောင်ခေတ် နှောင်းပိုင်း စာဆိုတော် ဦးကျော့သည် ကဆုန်လဘွဲ့ ကို ရေးသားရာ၌ ''ဟေမန်နွေ လှန်လို့ တုံ့ပြန်တော့၊ ဘွေသဟန် ဝေယံအုံ့ဆီက လေပြန် လှုံ့ဆော်ခဲ့ပြီ အစချီ၍ တော်ကဆုန် ညောင်ရေ သွန်းချိန် ဖော်မစုံ အောင်မြေကွန်း ဆီသို့ လွမ်းလိုက် လှသေး'' ဟူ၍ ဖွဲ့ဆို ခဲ့သည်။

တော်ကဆုန် ဟူ၍ ဖွဲ့ဆိုခြင်းမှာ တော်ဝင်သော ဤ ကဆုန် လပြည့်နေ့တွင် ဂေါတမ မြတ်စွာဘုရား အလောင်းတော် သုမေဓာ ရှင်ရသေ့အား သင်သည် ဘုရား ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရား က ဗျာဒိတ် ပေးတော်မူသော နေ့ဖြစ်ခြင်း၊ ဂေါတမ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားကို ကဆုန် လပြည့်နေ့ မှာ မယ်တော်က ဖွားမြင်ခြင်း၊ ဂေါတမ မြတ်စွာဘုရား သည် ကဆုန် လပြည့်နေ့ မှာပင် သဗ္ဗညုတ ရွှေဉာဏ်တော် ကို ရတော်မူခြင်း၊ ဂေါတမ မြတ်စွာ ဘုရားသည် ကုသိနာရုံမှ မာလာမင်း တို့၏ အင်ကြင်း ဥယျာဉ်၌ ကဆုန် လပြည့်နေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း စသည် တို့ကြောင့် ''ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း'' ဟူသော စကားနှင့် အညီ နေ့ထူး နေ့မြတ်၊ လထူး လမြတ် ဖြစ်သဖြင့် တော်ကဆုန်ဟု ဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။

ကဆုန်လ သည် နွေရာသီ ပူပြင်းသော ကာလ ဖြစ်သဖြင့် တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဆိုသည့်အတိုင်း မြစ်၊ ချောင်း၊ အင်းအိုင် တို့အတွင်း ရေများ ခန်းခြောက်လေ့ ရှိသည်။ နေပူရှိန် ပြင်း၍ ရေပြတ် လပ်သောကြောင့် အချို့သစ်ပင်၊ ပန်းပင်များ၊ ညှိုးနွမ်း ခြောက်သွေ့ ကြရပြီး အချို့မှာ ပြန်လည် မရှင်သန် မလန်းဆန်း နိုင်ကြ တော့ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် တို့ အထွတ်အမြတ် ထားသော ပရိဘောဂ စေတီ ထိုက်သည့် မဟာဗောဓိ ညောင်ပင်များကို ဤ ကဆုန် လပြည့်နေ့တွင် ညောင်ရေ သွန်းလောင်း ကြသည့် အစဉ်အလာ ယဉ်ကျေး မှုတစ်ရပ် ပေါ်ထွန်းကာ ယနေ့တိုင် ဆက်လက် ထိန်းသိမ်း ကြခြင်း ဖြစ်သည်။

ကဆုန် ညောင်ရေသွန်း ပွဲတော်မှာ ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ ဗောဓိညောင် ပင်၏ ဆင့်ပွား ဗောဓိ ညောင်ပင်များကို အမွှေး နံ့သာရည်များ၊ သန့်စင် အေးမြသော ရေများဖြင့် သွန်းလောင်း ပူဇော်ကြသော ပွဲတော် ဖြစ်သည်။ မြန်မာမှု နယ်ပယ်တွင် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂ စေတီဟူသော စေတီလေးပါး ရှိရာ ဗောဓိပင်ကို ရေစင် သွန်းလောင်း ခြင်းသည် ပရိဘောဂ စေတီကို ပူဇော်သည့် မြန်မာတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု အစဉ်အလာ ဖြစ်သည်။ ဗုဒ္ဓ သာသနာတော် ထွန်းကားသော အခြား နိုင်ငံများတွင် ကဆုန် ညောင်ရေ သွန်းသည့် အစဉ်အလာ မရှိကြောင်း တွေ့ရသည်။

သို့ဖြစ်၍ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း ဟူသော တော်ကဆုန် လထူးလမြတ်မှ ကဆုန် လပြည့် နေ့ထူးနေ့မြတ် အခါသမယတွင် သွန်းမြဲ ညောင်ရေနှင့် ကောင်းမှု အထွေထွေ ပြုကြ စေခြင်းငှာ မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily


No comments:

Post a Comment