Pages

Friday, May 9, 2014

တန်ဖိုးနည်းလူ မဖြစ်စေချင်ပါ


တန်ဖိုးနည်းလူ မဖြစ်စေချင်ပါ

အရှင်အဂ္ဂသာရ (မန္တလေး)

လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကစပြီး တန်ဖိုးနည်း ဖုန်းတွေ အလျှိုလျှို ပေါ်ထွက် လာပါတယ်။ ကိုင်လိုက်ကြတဲ့ လူတန်းစား တွေက အလွှာပေါင်းစုံ။ ဒုနဲ့ဒေး ပင် ... ။

ချမ်းသာကြ သူတွေလဲ ဖုန်းကိုင်ကြတယ်။ ဆင်းရဲသူတွေလဲ ဖုန်းကိုင် ကြပါတယ်။ ကျောင်းသား ကျောင်းသူတွေလဲ ဖုန်းကိုင် ကြသလို ၊ ဆရာ ဆရာမ တွေလဲ ဖုန်းကိုင် ကြပါတယ်။ လူကြီးတွေ ၊ ကလေးတွေ ၊ ဘုန်းကြီး ရဟန်းတွေ ၊ သီလရှင် ဆရာလေး တွေလဲ ဖုန်းကိုင် နေကြတာကို တွေ့ရပါတယ်။

ကားမောင်းရင်းလဲ ဖုန်း ပြောကြတယ်။ ဆိုင်ကယ် စီးရင်းလဲ ဖုန်းပြော ကြတယ်။ လမ်းလျှောက်ရင်းလဲ ဖုန်းပြော ကြတယ်။ ထိုင်နေရင်းလဲ ဖုန်းပြော ကြတယ်။ ဘတ်စ်ကား စီးရင်းလဲ ဖုန်းပြော ကြတယ်။ ဘတ်စ်ကား စောင့်ရင်းလဲ ဖုန်းပြော ကြတယ်။ ဘုန်းကြီး ရဟန်းတွေက ဆွမ်းခံရင်း ဖုန်းပြောတာကို တွေ့ရသလို သီလရှင် ဆရာလေး တွေ ဆွမ်းဆန် ခံရင်း ဖုန်းပြောတယ်။ လူတိုင်း ဖုန်းပြော နေကြတယ်။ နေရာ ဒေသမရွေး ဖုန်းပြော နေကြတယ်။ ဖုန်းဆက် နေကြတယ်။

ဖုန်းပြော နေကြတယ်။ ဖုန်းရှိလို့ ပြောကြာတယ်။ ပြောကြဖို့ ဖုန်းရှိအောင် လုပ်ထားတယ်။ ကိုယ့်ဖုန်းနဲ့ ကိုယ်ပြောတယ်။ ဘယ်သူ့မှ ဂရုစိုက်စရာ မလို ...။ ဖုန်းထဲမှာ ဘေလ် (ပိုက်ဆံ) ကုန်ရင် ဘယ်သူမှ လာထည့် ပေးတာမဟုတ်။ ကိုယ့်ဘာသာ ကိုယ်ထည့် ရတယ်။ အဲဒါကြောင့် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘဲ ပြောနေ ကြတယ်။

မှန်ပါတယ်။ ဖုန်းတစ်လုံးလောက် ရှိရင် ကိုယ် ပြောချင်တာကို ပြောလို့ ရတယ်။ နေရာမရွေး ဌာနမရွေး ပြောနိုင်တယ်။ ဘယ်သူ့ကိုမှ ထိခိုက်မှု မရှိ ၊ ပတ်ဝန်းကျင်ကို တစ်စုံတစ်ခု အကျိုးမဲ့မှု မရှိဘူး ဆိုရင် ကိုယ့် လွတ်လပ်ခွင့် ကို ကိုယ်ကိုယ်တိုင် အသုံးချ ပိုင်ခွင့် ရှိပါတယ်။

တစ်ခုတော့ သတိပေး ချင်ပါတယ်။ ကိုယ့်ဖုန်းနဲ့ ကိုယ်ပြောတာပဲ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးလို့ ဆိုပြီး ကာလဒေသ ကို ချင့်ချိန်မှု မရှိဘဲ ပြောချင်တိုင်း ပြောနေ၍တော့ မဖြစ်ပါ။ ကာလဒေသ ကို ချင့်ချိန်ပြီး ကိုယ့် ပတ်ဝန်းကျင် ကိုတော့ တစ်စုံတစ်ခု အနှောင့်အယှက် မဖြစ်စေဖို့တော့ လိုပါလိမ့်မယ်။

မကြာသေးမီ ရက်ပိုင်း အတွင်းက မန္တလေး တောင်ခြေနားမှာ ရှိတဲ့ ရိပ်သာတစ်ခုက ရဟန်းခံပွဲ တစ်ခုကို ပင့်ဖိတ်လို့ လိုက်သွားဖြစ် ခဲ့ပါတယ်။ သိမ်ထဲမှ ဥပသမ္ပကံ ဆောင်နေတုန်း သံဃာတော် တစ်ပါးရဲ့ ခါးကြားကနေ ကျယ်လောင်တဲ့ ဖုန်းမြည်သံ တစ်ခုက ထွက်ပေါ် လာပါတယ်။ ဒီလို အချိန်မျိုးမှာ ဖုန်းမြည်သံကို ကြားလိုက် ရတော့ စာရေးသူ စိတ်ထဲမှာလဲ " အတော် အလိုက်ကန်းဆိုး မသိတဲ့ ကိုယ်တော်ကြီး ကွာ " လို့ ကိုယ့်ထက် ၀ါတော် အများကြီး ကြီးတဲ့ ဆရာတော် အပေါ် မကျေမနပ် ဖြစ်သွား ခဲ့ပါတယ်။

ဖုန်းသံ မြည်ရုံနဲ့တင် ပြီးမသွားဘဲ ဆရာတော် က တစ်ဖက်က လူနဲ့ စကားတောင် အပြန်အလှန် ပြောနေသေးတယ်။ စားရေးသူ အပါအ၀င် အခြားသော ဆရာတော် ၊ သံဃာတော် တွေဲရဲ အကြည့်တွေ အားလုံးက ဖုန်းပြောနေတဲ့ ဆရာတော် ဆီကိုပဲ ရောက်သွားကြ ပါတယ်။ ဒါကိုလဲ ဂရုမစိုက်ဘဲ တစ်ဖက်ကို လှည့်ကာ ပြောနေပုံက ရဟန်းလောင်း တွေကို ဆုံးမနေတဲ့ ဆရာတော် ကြီးရဲ့  အသံတောင် ဖုန်းပြောနေတဲ့ ဆရာတော်ရဲ့ အသံအောက်မှာ နစ်မြုပ် သွားတယ်။

ဖုန်းပြောနေတဲ့ ဆရာတော် ကတော့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ကိုယ့်ဘာသာ ကိုပြောတာ ဘယ်သူ့ ဂရုစိုက်ရ မလဲလို့။ ဖုန်းလာမှတော့ ပြောရမှာ ပေါ့လို့။ မှန်ပါတယ်။ ဒါပေမယ့် အချိန်ကာလ လေးကိုတော့ ချင့်ချိန်သင့် ပါတယ်။ ဒီလို အချိန် ဒီလို နေရာမျိုးဟာ ဖုန်းပြောရမယ့် ဖုန်းသံ ကျယ်လောင်စွာ မြည်ရမယ့် အချိန်လား ၊ နေရာလား ဆိုတာကို တော့ ထည့်တွက် သင့်ပါတယ်။

လောကီ လူသားတွေပဲ ဖြစ်ဖြစ် ၊ သာသနာ့ နွယ်ဝင် ရဟန်းသံဃာတော် တွေပဲ ဖြစ်ဖြစ် ဖုန်းတွေကို ကိုင်ထားမှတော့ ကိုယ့် လွတ်လပ်ခွင့် နဲ့ကိုယ် ပြောပိုင်ခွင့် ရှိပါတယ်။ သို့ပေမယ့် ကာလဒေသ လေးကိုတော့ ချင့်ချိန်ဖို့ လိုပါတယ်။ ပတ်ဝန်းကျင် ကို တစ်စုံတစ်ခု အနှောင့်အယှက် အဟန့်အတား မဖြစ်စေဖို့တော့ လိုပါလိမ့်မယ်။ အဲဒီလိုမီ မဟုတ်ဘဲ ကိုယ့် လွတ်လပ်ခွင့် နဲ့ကိုယ်ဆိုပြီး ကာလဒေသ ကို မချင့်ချိန် ၊ ပတ်ဝန်းကျင် ကို အနှောင့်အယှက် ဖြစ်စေမယ် ဆိုရင် တန်ဖိုးနည်း ဖုန်းကို ကိုင်ဆောင်ပြီး ကိုယ်ကိုယ်တိုင်လဲ တန်ဖိုးနည်းသူ ဖြစ်သွားပါမယ် ... ဆိုတာ စေတနာ အရင်းခံကာ တင်ပြလိုက်ရ ပါတယ်။

#Yadanarpondaily

No comments:

Post a Comment