Pages

Wednesday, April 23, 2014

ကျန်းမာရေး နှင့် သန့်ရှင်းရေး


ကျန်းမာရေး နှင့် သန့်ရှင်းရေး

ရောဂါဘယများ မကပ်ရောက် စေရန် သန့်ရှင်းသော ရေကို သောက်သုံး ရသည်။ သန့်ရှင်းသော လေကို ရှူရှိုက် ရသည်။ သန့်ရှင်း စင်ကြယ်သော စားသောက် ဖွယ်ရာများကို စားသောက် ကြရသည်။ အနေအထိုင်၊ အဝတ်အစား တို့ကို သန့်ရှင်းစွာ နေထိုင် ဝတ်စား ကြရသည်။ ထိုသို့ နေထိုင် ဝတ်စား သွားလာ နေထိုင်ရန်မှာ သန့်ရှင်းသော ပတ်ဝန်းကျင် လိုအပ်သည်။

လူဆိုသည်မှာ ပတ်ဝန်းကျင် နှင့် နေရသူများ ဖြစ်သည်။ ပတ်ဝန်းကျင် သန့်ရှင်းရန်မှာ ထို ပတ်ဝန်းကျင် နှင့် ထိတွေ့နေ သူတိုင်း၏ တာဝန် ဖြစ်သည်။ ပတ်ဝန်းကျင် သန့်ရှင်းရေးသည် တစ်ဦးကောင်း တစ်ယောက်ကောင်း ဖြင့် ဖန်တီး၍ မရပေ။ ပတ်ဝန်းကျင် နှင့် ပတ်သက်သူ အားလုံး စုပေါင်း ဆောင်ရွက် မှသာ ဖြစ်ပေါ် လာနိုင်သည်။

မြန်မာနိုင်ငံသား လူအချို့သည် မည်သည့် အရာကို မဆို အမှုမဲ့ အမှတ်မဲ့ ပေါ့ဆစွာ လုပ်ကိုင်ကြ သည်က များသည်။ လမ်းလျှောက်ရင်း တွေ့သည့် နေရာတွင် ကွမ်းထွေး လိုက်သည်၊ တွေ့သည့် နေရာတွင် အမှိုက်ပစ် လိုက်သည်။ လူသွား လမ်းမလယ်တွင် အမှိုက်ကို သွားရင်း လာရင်း စွန့်ပစ်တတ် ကြသည်။

ဤသည်တို့မှာ မြန်မာတို့၏ အမှုမဲ့ အမှတ်မဲ့ နေတတ်မှု စည်းကမ်း ပျက်မှုများ၏ သာဓက များပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် သည် သန့်ရှင်းသင့် သလောက် မသန့်ရှင်း ဖြစ်နေ ရသည်။ နိုင်ငံတော်မှ သန့်ရှင်းရေး စီမံချက်များ ချမှတ် ဆောင်ရွက် နေစေကာမူ ပြည်သူ များက အသိစိတ် ကိုယ်စီဖြင့် ပါဝင်လာမှု မရှိပါက ပတ်ဝန်းကျင် သန့်ရှင်းရေးကို အဆက်မပြတ် ဆောင်ရွက် နေရဦးမည် ဖြစ်သည်။

လူတစ်ဦး၏ သန့်ရှင်းရေး၊ ရပ်ကွက် ကျေးရွာ တစ်ခုချင်း စီ၏ သန့်ရှင်းရေး၊ မြို့များ၏ သန့်ရှင်းရေး မှသည် နိုင်ငံနှင့်အဝန်း သန့်ရှင်းရေးတို့ ဖြစ်ပေါ် လာရသည်။ မြို့ပြကျေးရွာ သန့်ရှင်းရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း လုပ်ငန်းဌာန တို့တွင် တာဝန်ရှိသည် မှန်သော်လည်း ပါဝင်ပတ်သက် နေသူ လူတစ်ဦးချင်း စီ၏ တာဝန်သိမှု၊ တာဝန်ယူမှု သည် ပို၍ အရေး ပါသည်။

ပတ်ဝန်းကျင် မသန့်ရှင်း မှုကြောင့် ဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ သွေးလွန် တုပ်ကွေး၊ ဆင်ခြေထောက် စသည့် ရောဂါများ ဖြစ်ပွား နေခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံ များတွင် ထိုရောဂါများ မဖြစ်သလောက် ရှားသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ပတ်ဝန်းကျင် သန့်ရှင်းရေး ကို လူထု လှုပ်ရှားမှု အသွင်ဖြင့် ပြည်သူ တစ်ရပ်လုံးက ပါဝင် ဆောင်ရွက် သောကြောင့် ဖြစ်သည်။

လူတိုင်း ကျန်းမာခြင်းကို လိုချင်ကြ၏။ ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး ဖြစ်မှန်းလည်း သိကြ၏။ ကျန်းမာရေးကို ငွေကြေးဖြင့် ဝယ်မရ မှန်းလည်း နားလည် ကြပါ၏။ သို့သော် ကျန်းမာအောင် နေထိုင်ရန်ကိုမူ သတိမထားဘဲ အမှုမဲ့ အမှတ်မဲ့ နေထိုင်လျက် ရှိကြသည်။

လူတိုင်း လိုလားသည့် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် သာယာ လှပ သန့်ရှင်းရေး တို့သည် ဆက်စပ် ဖြစ်ပေါ် နေသည်ဖြစ်ရာ မိမိတို့၏ ပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပရေးကို မိမိတို့ ကိုယ်တိုင် ဖန်တီး ယူကြပြီး ကျန်းမာ ကြံ့ခိုင်မှုကို တည်ဆောက်၍ မိမိဘဝ တိုးတက် သာယာလှပမှု မှသည် နိုင်ငံတော်သစ် တည်ဆောက်ရေး အထိ အသိ ကိုယ်စီဖြင့် ဆောင်ရွက် သွားကြ ရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment