Pages

Monday, March 3, 2014

မြို့ပြ သန့်ရှင်း သာယာလှပရေး


မြို့ပြ သန့်ရှင်း သာယာလှပရေး

လူဦးရေနှင့် ကူးသန်း ရောင်းဝယ်မှု စည်ကား များပြားသော မြို့ကြီး များတွင် ကျန်းမာ သန့်ရှင်းမှု ရှိစေရေး အလေးပေး လုပ်ဆောင် ရမည် ဖြစ်ပေသည်။ မြို့ပြ ဝန်းကျင် သန့်ရှင်း သာယာလှပ ခြင်းသည် မြို့ပြနေ ပြည်သူတိုင်း အဖို့ ကျန်းမာ ရွှင်လန်း၍ ကိုယ်စိတ် နှစ်ပါး လန်းဆန်း ကြမည် ဖြစ်ပေသည်။

နိုင်ငံတော် အနေဖြင့် စီးပွားရေး အချက်အချာ ကျသော မြို့ကြီး များတွင် မော်တော်ယာဉ် များ သွားလာမှု လွယ်ကူ ချောမွေ့ စေရေး အတွက် လမ်းများ အဆင့်မြှင့်တင် ခင်းကျင်းလျက် ရှိပြီး လမ်းလယ် ကျွန်းများ၊ အဝိုင်းကြီးများ၊ ကားလမ်းမ ကြီးများ ဝဲ၊ ယာ တစ်လျှောက်တွင် သစ်ပင်၊ ပန်းအလှပင် များ စိုက်ပျိုး၍ မြို့ပြတစ်ခွင် စိမ်းလန်း စိုပြည် သန့်ရှင်း သာယာ လှပရေး အတွက် စဉ်ဆက် မပြတ် စိုက်ပျိုး ပြုပြင် မွမ်းမံ ပေးလျက် ရှိသည်။

ဥယျာဉ် ပန်းခြံများ၊ ရေကန်များဖြင့် သဘာဝ ပတ်ဝန်းကျင် သာယာရေး နှင့် ပြည်သူများ အပန်းဖြေ အနားယူ နိုင်ရန် ကိုလည်း ဖန်တီး တည်ဆောက် ပေးလျက် ရှိသည်။ တစ်ဖက် မှလည်း ရေမြောင်းများ ရေစီးရေလာ ကောင်းမွန် စေရေး အတွက် ရေနုတ်မြောင်း များ ဆယ်ယူခြင်း၊ အမှိုက်များ ရှင်းလင်း ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက် ရှိသည်။

ထို့ပြင် မြို့ပြ အင်္ဂါရပ်နှင့် အညီ ကျန်းမာရေး ကောင်းမွန် စေရန် သန့်ရှင်းသော ရပ်ကွက်၊ ကျေးရွာများ ဖြစ်စေရန် ကူးစက် ရောဂါ ကာကွယ်ရေး စီမံချက်များ အဖြစ် လူနေ ဝန်းကျင် နှင့် ဈေး၊ ကျောင်း ပတ်ဝန်းကျင် များတွင် အမှိုက် ကင်းစင် စေရေး အလေးပေး ဆောင်ရွက် ရမည် ဖြစ်ပေသည်။

မြို့ပြ သန့်ရှင်း သာယာ လှပရေး သည် လူတိုင်း၊ လူတိုင်း နှင့် သက်ဆိုင်သော ကြောင့် ပြည်သူများ ကလည်း မိမိတို့၏ နေအိမ်၊ ရပ်ကွက်များ အနီးအနား ရှိ လမ်း၊ ဈေး ပတ်ဝန်းကျင် များတွင် အမှိုက် သရိုက်များ ကင်းစေရန် သန့်ရှင်းရေး မပြတ် ပြုလုပ်ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ထို့ပြင် ရေမြောင်း များနှင့် လမ်းမကြီး များပေါ်တွင် အမှိုက် သရိုက်နှင့် အညစ် အကြေးများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း များကို မပြုလုပ် မိစေရန် ရှောင်ကြဉ် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတကာ အဆင့်မီ မြို့ပြ အင်္ဂါရပ်များ နှင့်အညီ ခံ့ညား ထည်ဝါ တင့်တယ် စေရေး အတွက် ဆင်ခြေဖုံး ရပ်ကွက်များ အပါအဝင် မြို့ပြ ဝန်းကျင် ထိန်းသိမ်း ပြုပြင်မှု လုပ်ငန်းများ နှင့် ကျန်းမာရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများနှင့် အတူ ပြည်သူ အားလုံးက စည်းကမ်းရှိရှိ တာဝန် သိသိဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်မှ သာလျှင် သန့်ရှင်း သာယာ လှပသော မြို့ပြ အင်္ဂါရပ် ဖြစ်လာမည် ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment