Pages

Monday, March 3, 2014

မီးဘေးအန္တရာယ် ကာကွယ်ရေး နှင့် ဆုံးရှုံးမှု လျှော့ချရေး


မီးဘေးအန္တရာယ် ကာကွယ်ရေး နှင့် ဆုံးရှုံးမှု လျှော့ချရေး

ပူပြင်း ခြောက်သွေ့သော ရာသီသို့ ကူးပြောင်း လာသည်နှင့် မီးဘေး အန္တရာယ် ပို၍ စိုးရိမ် လာရပြီ ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ အထိ တစ်နိုင်ငံလုံး မီးလောင်မှု ၁၆၇၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုမှာ အိမ် ၅ဝ၇၂ လုံး၊ စက်ရုံ၊ အလုပ်ရုံ နှင့် ပစ္စည်း သိုလှောင်ရုံ အလုံး ၆ဝ၊ သေဆုံးသူ ၈၂ ဦးနှင့် ဒဏ်ရာရသူ ၁၆၈ ဦးရှိခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သန်းပေါင်း ၄၂၅ဝ ကျော် ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင် ကုန်ထုတ် စွမ်းအား မြင့်မားရေး အတွက် စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ စီးပွားရေး တိုးတက် လာသည်နှင့် အမျှ လူနေမှု အဆင့်အတန်း မြင့်မား လာခြင်း တို့ကလည်း မီးဘေး အန္တရာယ် ပို၍ စိုးရိမ်ဖွယ် အခြေအနေ ဖြစ်သည်။ မီးလောင်မှုကို ဖြစ်ပေါ် စေသော အကြောင်း တရားများမှာ မီးဖိုမီး၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီး၊ အမွှေးတိုင်မီး၊ စက်သုံးဆီ ကြောင့် လောင်သောမီး နှင့် လျှပ်စစ် ဓာတ်အား ကြောင့် လောင်သောမီး စသည့် အခြေခံ အကြောင်းတရား များတို့ ဖြစ်သည်။

မြို့ရွာများတွင် မီးဘေး အန္တရာယ် ကာကွယ် ထိန်းချုပ်ရေး နှင့် မီးလောင် ဆုံးရှုံးမှု လျှော့ချ နိုင်ရေး အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မီးသတိမူရေး လုပ်ငန်းများ၊ မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ အသိ ပညာပေး လှုံ့ဆော်ရေး လုပ်ငန်းများ ဆောင်ရွက် နေကြ ခြင်းကြောင့် ပြည်သူများ အနေဖြင့် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိအမြင်များ တိုးပွားလာ ခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ မီးလောင်မှု အကြိမ်ပေါင်း ၁၂၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် သန်းပေါင်း ၁ဝ၇ဝဝ ကျော်ရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ မှ ဒီဇင်ဘာ အထိ မီးလောင်မှု အကြိမ်ပေါင်း ၁၆၇၃ ရှိသဖြင့် မီးလောင်မှု အကြိမ် ၄၅၄ ကြိမ်ပို ခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့အား လူအသင့်၊ ယာဉ်အသင့်၊ ရေအသင့်၊ ဆီအသင့် ရှိစေရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၂ -၂ဝ၁၃ ဘဏ္ဍာနှစ် တွင် မီးငြှိမ်း သတ်ယာဉ် အစီးရေ ၁ဝဝ ဝယ်ယူ ဖြည့်တင်း ပေးခဲ့ပြီး ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ် တွင် မီးငြှိမ်း သတ်ယာဉ် ၂၂၂ စီးဝယ်ယူ ၍ မြို့နယ်ပေါင်း ၃၃ဝ ၌ မီးသတ် စခန်းများ တည်ဆောက် ဖြည့်တင်း ပေးမည် ဖြစ်သည်။ မီးသတ် တပ်ဖွဲ့သုံး ယာဉ်များတွင် မီးငြှိမ်း သတ်ယာဉ်၊ ရေသယ်ယာဉ် နှင့် အထောက် အကူပြုယာဉ် တို့ ပါဝင်သည်။ မီးသတ်ဦးစီး ဌာနသည် ပြည်သူ များအား အသိပညာ ပေးရာတွင် မီးလောင်လျှင် ထွက်မပြေး ပါနှင့်၊ စိတ်ကို တည်တည် ငြိမ်ငြိမ် ထားပါ။ ကျိတ်မငြှိမ်း သတ်ပါနှင့်၊ ပတ်ဝန်းကျင် သို့ အကူအညီ တောင်းပါ။ ဝိုင်းဝန်း ကြိုးစား ငြှိမ်းသတ်ပါ။ မီးသတ်တပ်ဖွဲ့ နှင့် လုပ်သား ပြည်သူများ အချိန်မီ ပူးပေါင်း ငြှိမ်းသတ် နိုင်လျှင် မီးလောင်မှုကြီး မဖြစ်နိုင် ပါဟူ၍ နှိုးဆော် ထားသည်။

သို့ဖြစ်၍ မီးဘေး အန္တရာယ် ကာကွယ် ထိန်းချုပ်ရေး နှင့် မီးလောင် ဆုံးရှုံးမှု လျှော့ချ နိုင်ရေးတို့ အတွက် မီးသတ် ဦးစီးဌာန နှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်သကဲ့သို့ မီးသတ် ဦးစီးဌာန၏ နှိုးဆော်ချက် များကို လည်း သတိပြု လိုက်နာ ကြပါရန် ထပ်မံ တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။ 

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment