Pages

Sunday, March 2, 2014

ဂုဏ်ပြုအပ်သော တောင်သူလယ်သမားနေ့


ဂုဏ်ပြုအပ်သော တောင်သူလယ်သမားနေ့

၂ဝ၁၄ခုနှစ် မတ်လ ၂ရက် (ယနေ့)သည် တောင်သူ လယ်သမားနေ့ ဖြစ်ပေသည်။ ယနေ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အတွင်း၌ မှီတင်း နေထိုင်ကြကာ လယ်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုကြသည့် တောင်သူ လယ်သမား ဦးကြီးများ အားလုံးကို အလေးအနက် ဂုဏ်ပြုသည့် အနေဖြင့် သတ်မှတ် ထားသော နေ့ထူးနေ့မြတ် လည်း ဖြစ်ပေသည်။

ကျေးလက်နေ တောင်သူ ဦးကြီးများကို ဂုဏ်ပြု ရသည့် အကြောင်းမှာ မြန်မာနိုင်ငံ အတွင်းရှိ လူသား များအားလုံး အတွက် အာဟာရ ဖြည့်တင်း စားသုံး နိုင်ရန်အတွက် သာမက ပြည်ပ နိုင်ငံများ သို့လည်း တင်ပို့ ရောင်းချနိုင်ရန် လိုအပ်သော ဆန်နှင့် သီးနှံ ထွက်ကုန်များကို ဖြည့်ဆည်း ပေးနေ သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက စားသုံးမှုနှင့် အဓိက စီးပွားရေး လုပ်ငန်းမှာ လယ်ယာကဏ္ဍ ဖြစ်သည်။ လယ်ယာကဏ္ဍ ကို အဓိက အားထား နေရသည်နှင့် အညီ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ခိုင်မာ တောင့်တင်း အားကောင်း စေရန် အတွက် တောင်သူ လယ်သမား များ၏ လူမှုဘဝ နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အထူး အလေးထား မြှင့်တင် ပေးလျက် ရှိသည် ကိုလည်း တွေ့ရသည်။

သဘာဝ မိုးရေကိုသာ အားထား၍ တစ်သီးစိုက် စနစ်မှ နိုင်ငံတစ်ဝန်း ရှိ လယ်ယာမြေ များသို့ ဆည်ရေသောက် စနစ်များ ဖြန့်ဝေ ပေးခြင်း၊ စိုက်နည်း စနစ်များ၊ မျိုးကောင်း မျိုးသန့်များ၊ စိုက်ပျိုး စရိတ် ချေးငွေများစသည့် အထောက်အပံ့ အကူအညီများ ဖြည့်ဆည်း ပေးခြင်းဖြင့် တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစား စနစ်ဖြစ်အောင် ဖန်တီး ဖော်ဆောင် ပေးလျက် ရှိသည်မှာလည်း မျက်မြင် ဖြစ်သည်။

နိုင်ငံတော် အနေဖြင့် တစ်ဖက်က တောင်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးလျက်ရှိ သကဲ့သို့ တောင်သူများ အပိုင်းကလည်း စိုက်ပျိုး စွမ်းအား မြင့်မား တိုးတက်စေရန် အားထုတ် လုပ်ကိုင် ကြရမည် ဖြစ်သည်။ တစ်ချိန်က မြန်မာနိုင်ငံ၏ စိုက်ပျိုး စွမ်းအားသည် အာရှတွင် ထိပ်တန်းမှ ရပ်တည်လျက် ရှိသည်ကို ဂုဏ်ယူ ကြရမည် ဖြစ်သည်။

ယနေ့အချိန် တွင်လည်း အိမ်နီးချင်း စိုက်ပျိုးရေး နိုင်ငံများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ရန် တိုးတက် ကြီးပွား အောင်မြင် လိုစိတ်ဖြင့် စိတ်ဓာတ်ပိုင်း ပြုပြင် ပြောင်းလဲမှု၊ မြေယာပိုင်း ပြုပြင် ပြောင်းလဲမှု၊ လက်မှုလယ်ယာ မှ စက်မှုလယ်ယာ သို့ ပြုပြင် ပြောင်းလဲမှု စသော ပြုပြင် ပြောင်းလဲမှု များဖြင့် စိုက်ပျိုး သီးနှံ တိုးတက် ထုတ်လုပ် နိုင်သော နိုင်ငံအဖြစ်သို့ ရောက်အောင် ဆောင်ရွက် ပေးလျက် ရှိသည်။

သို့ဖြစ်ရာ ရေ၊ မြေ၊ သဘာဝ ကောင်းမွန်သော အမိ မြန်မာနိုင်ငံကြီး တွင် မှီတင်း နေထိုင်၍ ဆန်ရေစပါး ပေါများ ကြွယ်ဝစေရန် နိုင်ငံတော်၏ ပံ့ပိုးမှုကို ရယူကာ စိုက်ပျိုး ပေးကြသော တောင်သူ လယ်သမားကြီး များအား ယနေ့ကဲ့သို့ ထူးမြတ်သော နေ့ထူးနေ့မြတ် ၌ အထူး အလေးထား ဂုဏ်ပြု အပ်ပါသည်။

( ၂-၃-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment