Pages

Monday, March 10, 2014

လာမည့်နှစ်များတွင် အွန်လိုင်း ပညာရေး ပိုမိုထွန်းကားလာရန် မျှော်လင့်



ရန်ကုန် ၊ ၁၀-၃-၂၀၁၄

မြန်မာနိုင်ငံ တွင် အွန်လိုင်း ပညာရေး ထွန်းကား လာမည်ဟု ယုံကြည်ကြောင်း အွန်လိုင်း ပညာရှင်များ နှင့် ပညာရေး အေဂျင်စီ များမှ သုံးသပ် ပြောကြားချက် များ အရ သိရှိရသည်။ အွန်လိုင်းမှ ပညာသင်ကြား နိုင်မှုသည် ကမ္ဘာတွင် ပိုမိုထွန်းကား လျက်ရှိပြီး ဘွဲ့သင်တန်းများ၊ ဘွဲ့လွန် သင်တန်းများကို အွန်လိုင်းမှ သင်ကြားပြီး ဘွဲ့တံဆိပ်များ၊ သင်တန်းဆင်း လက်မှတ်များ နှင့် အတတ်ပညာ များကို ရယူ နိုင်နေပြီ ဖြစ်သည်။ အင်တာနက် ထွန်းကား လာသည်နှင့် နည်းတူ အစိုးရ ပညာရေး လောကတွင် လည်း အွန်လိုင်းမှ အဝေးသင် ပညာရေးကို စတင် အကောင် အထည်ဖော် နေပြီး တက်ရောက် နေသူများပင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ထိုကြောင့် လာမည့် အနာဂတ် နှစ်များတွင် အွန်လိုင်းမှ ပညာ သင်ကြား နိုင်မှုသည် ပိုမို ထွန်းကား လာနိုင်ကြောင်း ကို ပညာရှင်များက သုံးသပ်ထား ကြခြင်း ဖြစ်သည်။

'' ဒီလို ထွန်းကား လာမှလည်း ပညာရေး ကဏ္ဍမှာ ပြောင်းလဲမှု တွေက မြန်မြန်ဆန်ဆန် ဖြစ်လာမှာ။ အွန်လိုင်း ပညာရေးနဲ့ ပတ်သက်ပြီး တော့လည်း Oxford ကနေ လုပ်ထားတဲ့ သုတေသန တွေကလည်း ရှိတယ်။ ဘယ်လိုမျိုး တွေလဲဆိုတော့ အွန်လိုင်းက နေ Master ဘွဲ့ ယူသွားတာနဲ့ စာသင်ခန်း ထဲမှာ Master ဘွဲ့ ရယူသွား တဲ့နှစ်ခုရဲ့ ပညာရေး Quality ကို ဘယ်ဟာက ပိုကောင်းတယ် ဆိုတဲ့ သုတေသန အဖြေကိုသွား ကြည့်တဲ့အခါ ကျတော့ နှစ်ခုစလုံးက အတူတူပဲ ဆိုတာကို သွားတွေ့တယ်။ နောက်ထပ် အဖြေ အနေနဲ့ ကတော့ အွန်လိုင်းကို လည်းသုံးမယ်၊ စာသင်ခန်း ကိုလည်း သုံးမယ်ဆိုရင် ပိုကောင်းတယ် ဆိုတာကိုလည်း သွားတွေ့ ရတယ် ... '' ဟု Jupiter Online Education မှ ကိုအောင်ကျော်မျိုး က ပြောကြားသည်။

အွန်လိုင်း ပညာရေး ထွန်းကားရန် အတွက် ပညာရေး ဝက်ဘ်ဆိုက်များ ထူထောင် နိုင်သော အဖွဲ့အစည်း အများအပြား လိုအပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံ တွင်လည်း တက္ကသိုလ် ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်း သင်ခန်းစာများ ကလည်း ပြန်လည် လေ့ကျင့် နိုင်ရန် အတွက် ပြည်တွင်း ဝက်ဘ်ဆိုက် များလည်း ပေါ်ထွက် နေပြီ ဖြစ်သည့် အပြင် ပြည်ပ ပညာရေး လေ့လာလို သူများ အတွက်လည်း ပြည်တွင်း၌ နိုင်ငံတကာ အသိ အမှတ်ပြု ကျောင်းများ ဖွင့်လှစ်လျက် ရှိပြီး အဆိုပါ ကျောင်းများ မှ တစ်ဆင့်လည်း အွန်လိုင်းမှ တစ်ဆင့် သင်ကြားမှု များကိုလည်း ပြုလုပ် ရမည် ဖြစ်သည်။ ပြည်ပ တက္ကသိုလ်များ တွင်လည်း အွန်လိုင်း ပညာရေး စနစ်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုလျက် ရှိနေပြီး သင်ကြားမှု တိုင်းတွင်လည်း ပါဝင် နေကြောင်း သိရသည်။

'' ပြည်ပမှာ ပညာ သွားသင်မယ် ဆိုရင်ဒီ အွန်လိုင်း ပညာရေး စနစ်က ရင်းနှီး ကျွမ်းဝင်မှ ကိုရမှာ အဲဒါက အဓိကလို ဖြစ်နေတယ်။ ပြည်ပမှာ ပညာ သွားသင်မယ် ဆိုရင်လည်း ဒါတွေက မဖြစ်မနေ ကြုံဆုံ ရမယ့်
သင်ကြားမှု အခြေအနေ တွေပါ .. .. '' ဟု မလေးရှား ပညာရေး အေဂျင်စီ Jenko မှ ဒေါ်နီမြစီ က ပြောသည်။

အွန်လိုင်း ပညာရေး ထွန်းကား လာပါကလည်း ပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် အကျိုးကျေးဇူး များစွာရရှိ နိုင်မည် ဖြစ်သည်။ အလုပ်ခွင် တစ်ဖက်နှင့် အချိန် မပေးနိုင်သော ပညာရှာမှီး လိုသူများ အတွက်လည်း အဆင်ပြေ စေနိုင်မှာ ဖြစ်သလို နေရာဒေသ ကွာဟချက် ကိုလည်း အတတ်နိုင်ဆုံး ကျဉ်းမြောင်း ပစ်နိုင်မှာ ဖြစ်ကြောင်း ပညာရှင် များက သုံးသပ် ကြသည်။

'' အချိန်ကုန် သက်သာပြီး အင်တာနက် ရှိတဲ့ နေရာတိုင်း ကနေ ပညာသင်ယူ ခွင့်လည်း ရှိလာ တာပေါ့။ နောက်တစ်ခု က အလုပ်တစ်ဖက် နဲ့ ပညာသင်ယူ လိုသူတွေ အတွက်လည်း ပိုပြီး အဆင်ပြေ စေတယ်။ တချို့တွေဆို ဝါသနာ ပါတဲ့ ပညာရပ်ကို အသက်အရွယ် အရဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲ ရောက်နေလို့ ပဲဖြစ်ဖြစ် ကျောင်းကို သွားမတက် နိုင်တဲ့ အခြေအနေ မျိုးတွေလည်း ရှိတတ် ပါတယ်။ အဲဒီလို လူမျိုးတွေ အတွက် အွန်လိုင်း ကနေ ပညာသင်ယူ လို့ရတာက အဆင်ပြေ ပါတယ်။ ပိုပြီး သိသိသာသာ အဆင်ပြေ လာမယ့် အချက်က နယ်ဒေသ တွေမှာ နေထိုင်သူတွေ အတွက်ပါ။ သူတို့မှာက သင်ကြား လိုတဲ့ ပညာရပ် တစ်ခုခု ရှိပေမယ့် ကျောင်း၊ သင်တန်း စတာတွေက ရန်ကုန်၊ မန္တလေး လိုမြို့ကြီး တွေမှာ အဓိက အခြေစိုက် ဖွင့်ထား ကြတာ ဆိုတော့ သူတို့အတွက် တကူးတက ဖြစ်ပြီး လာတက်ဖို့ ခက်ခဲ ပါတယ်။ တကယ်လို့ အွန်လိုင်း ပညာရေး ထွန်းကား လာပြီဆိုရင် နေရာဒေသ မရွေး အင်တာနက် ရှိရင် သင်ယူလို့ ရပြီ ဆိုတော့ နယ်ဒေသက လူတွေအတွက် ဒီအချက်လေး က တော်တော်လေး အဆင်ပြေ စေမှာပါ။ အွန်လိုင်း ပညာရေးရဲ့ အကျိုးကျေးဇူး တွေက တော့ ပြောရရင် အများကြီး ရှိဦးမှာပါ .. .. '' ဟု Online Executive Editor ကိုကျော်ခိုင်ဦး က ပြောသည်။

အဓိက အချက် အနေဖြင့် အခြေခံ အကျဆုံး လိုအပ်ချက် ဖြစ်သော အင်တာနက် ကွန်ရက်က အာမခံချက် အပြည့်နဲ့ ကောင်းမွန် နေမယ် ဆိုရင် အွန်လိုင်း ပညာရေး ကလည်း သေချာပေါက် ထွန်းကား လာဦး
မှာဟု ၄င်းက ထပ်မံ သုံးသပ် ပြောကြား ခဲ့သည်။ 

မကြာမီ အချိန်များ အတွင်းတွင် အွန်လိုင်း ပညာရေး စနစ် တိုးတက်ဖွံ့ဖြိုး လာနိုင်ပြီး ထိုကဲ့သို့ ဖွံ့ဖြိုး လာမှသာ ပညာရေး စနစ်သည် မြန်မြန် ဆန်ဆန် တိုးတက် ပြောင်းလဲ လာနိုင်မည်ဟု မျှော်လင့် မိသည်။

(သန္တာ-အင်တာနက် ၁၅/၁၁ )

No comments:

Post a Comment