Pages

Wednesday, March 12, 2014

တီဘီရောဂါ မဖြစ်ပွား ၊ မကူးစက်စေရန် ကာကွယ်


တီဘီရောဂါ မဖြစ်ပွား ၊ မကူးစက်စေရန် ကာကွယ်

နိုင်ငံ၏ ကြံ့ခိုင် ဖွံ့ဖြိုးမှုသည် အဆိုပါ နိုင်ငံ၌ မှီတင်း နေထိုင် ကြသည့် နိုင်ငံသား များ၏ ကျန်းမာ ကြံ့ခိုင်မှု နှင့် တိုက်ရိုက် ဆက်နွှယ် ဖြစ်ထွန်းလျက် ရှိသည်။ ထို့ကြောင့် နိုင်ငံ အသီးသီးသည် နိုင်ငံသူ၊ နိုင်ငံသား များ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားရေး အတွက် ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်း များကို အမျိုးသားရေး အမြင်ဖြင့် ဆောင်ရွက်လျက် ရှိကြသည်။

ယနေ့ မြန်မာနိုင်ငံ တွင်လည်း ပြည်သူလူထု ၏ ကျန်းမာရေး အတွက် ရောဂါ ကြိုတင် ကာကွယ်ရေး၊ ကျန်းမာရေး အဆင့်အတန်း မြင့်မားရေး၊ ရောဂါ ရှာဖွေရေး စသည့် ကျန်းမာရေး ပြန်လည် ထူထောင်မှု လုပ်ငန်းများကို စနစ်တကျ စီမံချက် ချမှတ် ဆောင်ရွက်လျက် ရှိသည်။

ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ရာတွင် ရောဂါ မဖြစ်ပွားမီ ကြိုတင် ကာကွယ်ခြင်း သည် အရေးပါသော လုပ်ငန်းတစ်ရပ် ဖြစ်သည်။ အထူးသဖြင့် ပြည်သူများ ရောဂါဘယ ကင်းဝေး ရအောင် ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ ပညာပေး ဟောပြောခြင်း၊ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း စသည် တို့ကို အခါ အားလျော်စွာ ဆောင်ရွက်ရန် လိုပေသည်။

ယနေ့ နွေဦး ကာလတွင် လေထု ညစ်ညမ်းမှု ကို ဖြစ်စေသော အမှိုက်သရိုက် များ မီးရှို့ခြင်း၊ စက်ရုံ အလုပ်ရုံ များမှ စွန့်ထုတ်သော ရေဆိုး အနံ့များကို ရှုရှိုက်ရခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှု ကျယ်ပြန့် လာခြင်း တို့ကြောင့် ပြည်သူလူထု တွင် အဆုတ်၌ ဖြစ်ပေါ်သည့် တီဘီရောဂါ ဖြစ်ပွား သကဲ့သို့ အရိုး၊ အဆစ်၊ ကျောက်ကပ်၊ အစာအိမ်၊ လည်ပင်း စသည့် အင်္ဂါ အစိတ်အပိုင်း များတွင်လည်း ရောဂါ ဖြစ်ပေါ်မှု တိုးတက် များပြား လာသည်ကို တွေ့ရသည်။

တီဘီ ရောဂါသည် တီဘီ ရောဂါပိုး ကြောင့် ဖြစ်ပွားသော ရောဂါ တစ်မျိုး ဖြစ်ပြီး မျိုးရိုး လိုက်သော ရောဂါ မဟုတ်ပေ။ သို့သော် အလွယ်တကူ ကူးစက် တတ်သော ရောဂါ ဖြစ်သောကြောင့် ဖြစ်ပွားမှု များပြား လာခြင်း ဖြစ်သည်။ ယခုအခါ တီဘီရောဂါ ကို တိုက်ရိုက် ကြည့်ရှု အချိန်တို ကုထုံးဖြင့် စနစ်တကျ ကုသ ပေးလျက်ရှိရာ တီဘီရောဂါ ဖြစ်ပွား သည်ဟု သံသယ ရှိပါက ကျန်းမာရေး ဌာန ဆေးခန်း များသို့ သွားရောက် ပြသ စစ်ဆေးမှု ခံယူကာ စနစ်တကျ ဆေးကုသမှု ခံယူပါက တီဘီရောဂါ ပျောက်ကင်း စေနိုင်သည်။

သို့ဖြစ်ရာ နိုင်ငံတော် ကြံ့ခိုင် ဖွံ့ဖြိုးရေး အတွက် အရေးပါသည့် နိုင်ငံသားများ ကျန်းမာ ကြံ့ခိုင်ရေး အတွက် တီဘီရောဂါ မဖြစ်ပွား၊ မကူးစက် စေရန် အမျိုးသားရေး အမြင်ဖြင့် ကျေးလက်၊ မြို့ပြ အားလုံးတွင် ကျန်းမာရေး အသိပညာ ဖြန့်ဖြူး၍ ကျန်းမာရေး ပြုစု စောင့်ရှောက် ကာကွယ်မှု လုပ်ငန်း များကို အချိန်မီ ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment