Pages

Tuesday, March 11, 2014

ဥပဒေလိုက်နာရေး ကြပ်မတ် ဆောင်ရွက်


ဥပဒေလိုက်နာရေး ကြပ်မတ် ဆောင်ရွက်

ဥပဒေ ဆိုသည်မှာ လူတိုင်း လိုက်နာရန် ပြဋ္ဌာန်း ထားသော စည်းကမ်း သတ်မှတ်ချက် များဖြစ်သည်။ မြန်မာနိုင်ငံ တွင် ထုတ်ပြန် ထားပြီး ဥပဒေများ ရှိသကဲ့သို့ ခေတ်ကာလ အခြေအနေ နှင့် ညီစွာ ပြန်လည် ပြင်ဆင် ထားသော ဥပဒေများ၊ အသစ် ထုတ်ပြန် ထားသော ဥပဒေ များလည်း ရှိသည်။

တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း များကို သက်ဆိုင်သူတို့ ကျယ်ပြန့်စွာ သိရှိထားရန် လိုအပ် သကဲ့သို့ လိုက်နာ စောင့်ထိန်း ရန်လည်း လိုအပ်သည်။ ဥပဒေ ဟူသည် လိုက်နာရန် အတွက် ဖြစ်ပြီး အတည်ပြု ထုတ်ပြန်ပြီး သည့် ဥပဒေကို မသိ၍ ပါဟု ရှောင်လွှဲ ရနိုင်မည် မဟုတ်ပေ။

ဥပဒေကို မလိုက်နာပါက မည်သူမျှ ရှောင်လွှဲ၍ မရဘဲ မသိ နားမလည် ၍ဟု ပြန်လည် ထုချေ ပိုင်ခွင့်၊ ရှောင်တိမ်း ပိုင်ခွင့် ရှိမည် မဟုတ်သည့် အပြင် ဥပဒေကို မည်သည့် နည်းနှင့်မျှ လက်တစ်လုံးခြားလုပ်၍ လည်း ရမည် မဟုတ်ပေ။ မြန်မာနိုင်ငံ တွင် ထုတ်ပြန် ထားသော ဥပဒေများ အနက် ရာဇဝတ် ဥပဒေများမှ လွဲ၍ အများပြည်သူ နှင့် သက်ဆိုင်သော ဥပဒေ များကို အချို့က ရှောင်လွှဲ ခြင်းများ ပြုလုပ် တတ်သည်ကို တွေ့ရှိရသည်။ အများ အားဖြင့် ဥပဒေကို မသိရှိ၍ ကျူးလွန်တတ် သည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် ဥပဒေကို သိရှိနိုင်ရန် အတွက် ဥပဒေ စာအုပ်များကို ဖတ်ရှု လေ့လာ သင့်ပြီး မဖတ်နိုင်လျှင် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား တို့တွင် လေ့လာ မှတ်သား သင့်သည်။

လက်ရှိတွင် ဥပဒေကို သိရှိ လိုက်နာရန် အတွက် ပြည်သူများ အနေဖြင့် လေ့လာမှု အလွန် အားနည်းလျက် ရှိနေသည်ကို တွေ့ရသည်။ ပြည်သူများ အနေဖြင့် ဥပဒေကို မသိရှိခြင်း၊ စည်းကမ်း များကို မသိရှိခြင်း သည် မဖြစ်သင့် တော့သည့် အနေအထား ဖြစ်သည်။ အခြေခံ ကျသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မှစ၍ နေ့စဉ် လှုပ်ရှား နေသည့် လူမှုဘဝ၌ ခံစား ထိတွေ့ နေသည့် နေရာများတွင် ရှိနေသည့် ဥပဒေ များကို လေ့လာ သိရှိ လေးစား လိုက်နာ ကြရန် လိုအပ်သည်။

ဤသို့ မဟုတ်ဘဲ ဥပဒေ ပြဋ္ဌာန်းချက်၊ စည်းကမ်း သတ်မှတ်ချက်များ ထုတ်ပြန် အသိပေး ထားသော်လည်း ပြည်သူများ အနေဖြင့် မသိကျိုးကျွန် ပြု၍ ဆောင်ရွက် နေထိုင်ပါက ဥပဒေ၊ စည်းကမ်း များကို မျက်ကွယ်ပြု ကျူးလွန် နေခြင်းသာ ဖြစ်ပေ လိမ့်မည်။ ထိုသို့ မသိကျိုးကျွန် ပြု၍ ကျူးလွန်နေခြင်း များကို တာဝန်ရှိ သူများက လည်း အကာအကွယ် ပေးသော အပြုအမူများ မဖြစ်စေရန် လိုပေသည်။

သို့ဖြစ်ရာ ပြည်သူလူထု အတွက် အကာအကွယ် ပေးနိုင်ရန် အများနှင့် သက်ဆိုင်သည့် ဥပဒေများကို နိုင်ငံတော် က ထုတ်ပြန် ပြဋ္ဌာန်း ပေးထားရာ ပြည်သူများက လေးစား လိုက်နာရန် လိုအပ် သကဲ့သို့ ဖောက်ဖျက် သူများ ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိ သူများက ထိရောက်သည့် ဟန့်တား ဆောင်ရွက်မှု များဖြင့် ကြပ်မတ် ထိန်းသိမ်း သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment