Pages

Thursday, March 13, 2014

ဘင်းမ်စတက် လုပ်ငန်းစဉ်များ အောင်မြင်ရေး အားလုံး ပါဝင်ဆောင်ရွက်


ဘင်းမ်စတက် လုပ်ငန်းစဉ်များ အောင်မြင်ရေး အားလုံး ပါဝင်ဆောင်ရွက်

လောက၌ လူမှုရေးရာ အဖြာဖြာ တို့သည် ကျယ်ဝန်း ရှုပ်ထွေး လှသကဲ့သို့ အချင်းချင်း ပေါင်းသင်း ဆက်ဆံရေး သည်လည်း ခက်ခဲနက်နဲ လှသည်။ လူ့ဘဝ ခိုင်မြဲစေရန် တစ်ဦးနှင့် တစ်ဦး၊ တစ်သင်းနှင့် တစ်သင်း၊ တစ်မျိုးနှင့် တစ်မျိုး တို့သည် လူအချင်းချင်း ပေါင်းသင်း ဆက်ဆံ ကြရသည်။

လူ့အဖွဲ့အစည်း တွင် တစ်စုံတစ်ဦး ကောင်းစား သွားသော် အားလုံး ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြ ရသည်။ တစ်ဦး တစ်ယောက်၌ ဝမ်းနည်းဖွယ် တွေ့ကြုံ ရလျှင် အားလုံး ဝမ်းနည်း ရ၍ တစ်ဦး တစ်ယောက်၌ ချို့တဲ့ နေလျှင် ဝိုင်းဝန်း ထောက်ပံ့ ကြရသည်။ တစ်ဦး တစ်ယောက်တည်း မဆောင်ရွက် နိုင်သော ကိစ္စနှင့် ကြုံတွေ့သော် ဆောင်ရွက် နိုင်သော အင်အား ရစေရန် ဝိုင်းဝန်း ကူညီ ဖေးမ ကြရသည်။ လူအချင်းချင်း ပေါင်းသင်း ဆက်ဆံ ကြရာ၌ ယုံကြည် အားထား ရမှုသည် အဓိက အခြေခံ အုတ်မြစ် ဖြစ်သည်။ တစ်ဦးကို တစ်ဦး ယုံကြည် အားထား ရမှုရှိ စေရန်မှာ တစ်ဦးချင်း ကိုယ်ကျင့် တရား ကောင်းမွန်မှု နှင့် စာနာမှု ရှိဖို့ လိုအပ်သည်။ ကမ္ဘာရွာကြီးတွင် နိုင်ငံ အချင်းချင်း ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး သည် ပို၍ နက်ရှိုင်း ကျယ်ပြန့် သည်။

မြန်မာနိုင်ငံ သည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် BIMSTEC အဖွဲ့ဝင် အဖြစ် ဝင်ရောက် ခဲ့သည်။ ဘင်းမ်စတက် အဖွဲ့တွင် မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ နှင့် ဘူတန်နိုင်ငံ တို့ ပါဝင်သည်။ တတိယ အကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေး၊ ဝန်ကြီးအဆင့် အစည်းအဝေး နှင့် အဆင့်မြင့် အရာရှိ ကြီးများ အစည်းအဝေး များကို ၂ဝ၁၄ ခုနှစ် မတ်လ ပထမ ရက်သတ္တပတ် တွင် မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ခဲ့သည်။ အစည်းအဝေး များတွင် အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အတွက် လုပ်ငန်း ကဏ္ဍ ၁၄ ခု ချမှတ်ခဲ့ ကြရာ ကုန်သွယ်ရေး နှင့် ရင်းနှီး မြှုပ်နှံမှု၊ ပို့ဆောင် ဆက်သွယ်ရေး၊ ခရီးသွား လုပ်ငန်း၊ စွမ်းအင်၊ နည်းပညာ၊ ရေလုပ်ငန်း၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ အကြမ်းဖက်မှု နှင့် နိုင်ငံ ဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သဘာဝ ဘေးအန္တရာယ်၊ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု တို့ဖြစ်သည်။ အဆိုပါ လုပ်ငန်း ကဏ္ဍများ အနက် စွမ်းအင်ကဏ္ဍ နှင့် စိုက်ပျိုးရေး ကဏ္ဍတို့ ဖွံ့ဖြိုးရေး အတွက် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် က အဓိက တာဝန်ယူ ဆောင်ရွက် ရမည် ဖြစ်သည်။

သို့ဖြစ်၍ ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး နှင့် မြန်မာနိုင်ငံ က အဓိက တာဝန်ယူ ဆောင်ရွက် ရမည့် စွမ်းအင် ကဏ္ဍ နှင့် စိုက်ပျိုးရေး ကဏ္ဍတို့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး တိုင်းရင်းသား ပြည်သူ အပေါင်းတို့က ကျရာ ကဏ္ဍမှ အားကြိုး မာန်တက် ပါဝင် ဆောင်ရွက် ပေးကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment