Pages

Thursday, March 13, 2014

ကြိုးစားခြင်း နှင့် အောင်မြင်ခြင်း


ကြိုးစားခြင်း နှင့် အောင်မြင်ခြင်း

ပေခုံပေါ်တွင် ကြိမ်ဖန်များစွာ အထုခံ ရသော သံချောင်းသည် ပို၍ မာသည်ထက် မာလာသည်။ နာနာထုလေ မာကျောလေ ဖြစ်သည်။ အကြိမ်ကြိမ် ထုခံရ၍ သံသား ပျက်စီးသွားခြင်း၊ သံရည် သံသွေး ကျဆင်း သွားခြင်းမျိုး မရှိပေ။ အကြိမ်ကြိမ် ထုလေ သံရည် သံသား မာကျောပြီး အရည် အသွေး ကောင်းလာလေ ဖြစ်၏။

ထိုနည်းတူ မီးပြင်းပြင်းဖြင့် ကြိမ်ဖန် များစွာ အတိုက်ခံ ရသော ရွှေသည် ပို၍ တောက်ပြောင် သည်ထက် တောက်ပြောင် လာသည်။ မီးပြင်းပြင်း တိုက်လေ ရွှေသားပို၍ ကောင်းလာလေ ဖြစ်သည်။ မီးပြင်းပြင်း တိုက်သဖြင့် ရွှေသား ရွှေရည်သည် ကျဆင်း မှေးမှိန် သွားသည်မရှိ၊ ပို၍ ပို၍ ကောင်းသည့် ရွှေစင် ရွှေသား အဖြစ်သို့သာ ရောက်ရှိ၏။

အထက်ပါ ဥပမာများ ကဲ့သို့ လူသား အနေဖြင့်လည်း တွေ့ကြုံ ရသော အခက်အခဲ နှင့် ထိုးနှက်ချက် များကို ကြံ့ကြံ့ခံ၍ စိတ်ရှည် သည်းခံ ဇွဲမာန် အပြည့်ဖြင့် ကြိုးစား အားထုတ်ပါက အရည်အသွေး ပိုမို တိုးတက် လာကာ ဘဝ၏ အောင်မြင်မှုကို ရလာ နိုင်သည်။

ခံယူတတ်သော နှလုံးသား၊ ဆင်ခြင် တတ်သော အသိဉာဏ် ဦးနှောက်ဖြင့် ဝေဖန်ပိုင်းခြား ကြိုးစား တတ်ပါက ဘဝ၏ အောင်မြင်မှုမှာ လက်တစ်ကမ်း ၌ အလွယ်တကူ ရယူ နိုင်သည်။ ဆရာ၊ ဆရာမ များ၏ ဆုံးမမှုကို မြေဝယ်မကျ နားထောင် တတ်သော တပည့်များသည် ဆရာများထက် ပိုတော်သည့်သူ ဖြစ်လာသည်။ မိဘတို့၏ ဆုံးမမှုကို နာခံတတ်သော သားသမီး တို့သည် မိဘ တို့ထက် ပို၍ အောင်မြင်သော ဘဝကို ရရှိပိုင်ဆိုင် ကြသည်။

အလုပ်ပို၍ ခိုင်းခံ ရသော်လည်း စိတ်ရှည် သည်းခံ၍ ကြိုးစားသော ဝန်ထမ်းသည် လုပ်ငန်း ပို၍ ကျွမ်းကျင်ပြီး ဘဝတက်လမ်း ဖြောင့်ဖြူး တတ်ကြသည်။ ဤသည်တို့မှာ ကြုံလာ သမျှကို မွန်မြတ် သည့် နှလုံးသားဖြင့် ခံယူ၍ ကြိုးစား သောကြောင့် အောင်မြင်ခြင်း ဖြစ်သည်။

သို့သော် အချို့သော သူများမှာ မထင်မှတ်ဘဲ ဖိနှိပ်ခံ ရခြင်း၊ ဝိုင်းပယ်ခံ ရခြင်း၊ အခွင့်အရေး ဆုံးရှုံးခြင်း၊ စီးပွားရေး ပျက်စီးခြင်းများ ကြုံရသည့် အခါ စိတ်ပျက် အားလျော့သွား တတ်ကြသည်။ တုန်လှုပ် ချောက်ချား သွားတတ် ကြသည်။ လမ်းမှန်ကနေ လမ်းမှားသို့ ရောက်သွား တတ်ကြသည်။ အရာရာ ကို အရှုံးပေး တတ်ကြ သည်။

လောကကြီးတွင် အကောင်းချည်း မရှိ။ အကောင်းရှိ သကဲ့သို့ အဆိုးလည်း ရှိ၏။ အချစ် ရှိသကဲ့သို့ အမုန်းလည်း ရှိ၏။ အပြုံးရှိ သကဲ့သို့ အငိုလည်း ရှိ၏။ အချို ရှိသကဲ့သို့ အခါးလည်း ရှိ၏။
ဤသည်မှာ လောက ဓမ္မတာတရား ဖြစ်၍ မထူးဆန်းပေ။

သို့ဖြစ်ရာ အခက်အခဲ အကျပ်အတည်း နှင့်ကြုံရသည့် အခါတိုင်း အပြုံးမပျက်၊ အမုန်းမဆက် စိတ်ရှည် သည်းခံ ဇွဲထက်သန် စွာဖြင့် ကြိုးစားပါက အရှုံးတစ်ဖက် မှ အောင်မြင်ခြင်း နှင့် အမုန်း တစ်ဖက်မှ ချစ်ခြင်း မေတ္တာကို ရယူနိုင်ကြောင်း ရေးသား လိုက်ရ ပေသည်။

(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment