Pages

Monday, March 10, 2014

အမှားနည်းစေရန် သတိပြု လုပ်ဆောင်သင့်


အမှားနည်းစေရန် သတိပြု လုပ်ဆောင်သင့်

လောကတွင် အမှန်နှင့် အမှား၊ သုစရိုက် နှင့် ဒုစရိုက်၊ ဓမ္မ နှင့် အဓမ္မ တို့သည် မလွဲမသွေ ကြုံတွေ့ ရတတ်သည့် လောက ဓမ္မတာ တရား ဖြစ်ပေသည်။ ဆင်ခြင်တုံ တရား ရှိသော သူတို့ကား အမှန်နှင့် အမှား၊ ကောင်းမှုနှင့် မကောင်းမှု၊ တရားမှု နှင့် မတရားမှု တို့ကို ဝေဖန် ပိုင်းခြား သိမြင် တတ်ကြသည်။ လူလိမ္မာ ပညာရှိတို့ကား ၄င်းတို့ကို သိမြင်ရုံ သာမက အမှားကို ဝန်ခံတတ်ခြင်း၊ ကောင်းမှုကို ပြုပြင်ခြင်း နှင့် တရားမှုကို မြတ်နိုး ခုံမင် တတ်ကြသည်။

လူတို့၏ သဘာဝကား ထူးဆန်း လှသည်။ မှားမှန်း သိသော်လည်း ၄င်းအမှားကို ဝန်မခံရဲ တတ်ကြပေ။ မိမိ၏အမှု အလုပ်သည် မတရား သဖြင့် ပြုလုပ် ထားသော်လည်း ကောင်းမှု သဖွယ် မြိန်ရေ ရှက်ရေ ရှိခြင်း၊ မတရားမှုကို ပြုမူ ဆောင်ရွက် ဆုံးဖြတ် လိုက်သော်လည်း တရား သကဲ့သို့ တည်ကြည် ခံ့ညားစွာ နေထိုင် တတ်ခြင်း ဖြစ်သည်။

''မမှားသော ရှေ့နေ၊ မသေသော ဆေးသမား မရှိ'' ဟူသော ဆိုရိုးစကား အတိုင်း အလုပ်လုပ် သူတိုင်း အမှားနှင့် မကင်း နိုင်ကြပေ။ ရံဖန်ရံခါ တွင် မိမိ ပြုမူလိုက်သော အမှားကိုပင် မှားမှန်းမသိ အမှန်ဟုသာ ထင်နေကြရာမှ အကြောင်း ခြင်းရာများ နှင့် နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင် လိုက်ရမှ မှားမှန်း သိနိုင်သည် လည်း ရှိတတ်သည်။ အရေး အကြီးဆုံး မှာ အမှားကို မှားမှန်း သိလိုက်သည့် အချိန်တွင် ၄င်းအမှားကို အမြန်ဆုံး ပြင်ဆင် နိုင်ဖို့ပင် ဖြစ်ပေသည်။

မှားမှန်း သိလျက် အမှန်ကို ဝန်မခံရဲခြင်း၊ တရားမျှတမှု ကင်းမဲ့စွာ ဆုံးဖြတ် လိုက်သည့် အပေါ်တွင် လည်းကောင်း၊ ကောင်းမှုကို ဖီလာပြု၍ လည်းကောင်း၊ ပြုမူ လိုက်မိခြင်း အပေါ် ဝန်ခံစိတ် မရှိခြင်း၊ ပြုမူ ပြောင်းလဲလိုစိတ် မရှိခြင်းသည် စိတ်သတ္တိ နည်းသူ များပင် ဖြစ်ပေသည်။

မှားသည်ကို မှားမှန်းသိပြီး မှားမိသည့် ဝန်တာ အတွက် မိသားစုက ဖြစ်စေ၊ တာဝန် အုပ်ချုပ်မှု ပိုင်းကဖြစ်စေ ပေးအပ်သည့် ပြစ်ဒဏ်ကို မမှိတ်မသုန် ခံယူပါမည် ဟူသော ကာယကံရှင် ၏ စိတ်ဓာတ် ရဲရင့် ပြတ်သားမှု သည်သာ ဂုဏ်ယူ လေးစား အပ်ပေသည်။ 

လောကတွင် ပြောမှား၊ ဆိုမှား၊ လုပ်မှား၊ ကိုင်မှားများ ရှိတတ်သည်။ မကောင်းသော စိတ်ဖြင့် မှားကြခြင်း မဟုတ်၊ စေတနာ အမှားသာ ဖြစ်ကြမည် ဆိုလျှင် ခွင့်လွှတ် နိုင်မည့် အမှားမျိုးကို ခွင့်လွှတ် ပေးနိုင်မည် ဖြစ်ပြီး အလုပ်ကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ် သားသား လုပ်ကာ များသော အားဖြင့် မမှားသင့် သော အမှားမျိုးကို မမှားမိ စေရန် အထူးသတိပြု လုပ်ဆောင်သင့် ပေသည်။

သို့ဖြစ်ရာ မိမိတို့ လုပ်ဆောင် နေကြသည့် အလုပ် တာဝန်များကို လုပ်ကိုင် ဆောင်ရွက် ကြရာတွင် သတိပြု လုပ်ကိုင် ဆောင်ရွက် နေကြသော်လည်း တစ်ခါတစ်ရံ စေတနာ အမှားမျိုး မှားတတ် ကြပေသည်။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ မှားခြင်းသည် မကောင်း၊ အတတ်နိုင်ဆုံး အမှားကင်း စေရန် အစဉ် သတိပြု ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment