Pages

Thursday, February 13, 2014

မိတ်ကောင်းဖော်မွန် ရွေးချယ်ရှာမှီးကြရာဝယ်


မိတ်ကောင်းဖော်မွန် ရွေးချယ်ရှာမှီးကြရာဝယ်

''စာအုပ်စာပေ လူ့မိတ်ဆွေ'' ဆိုရိုးစကား ရှိသည်။ ဤနေရာတွင် စာပေဆိုတိုင်း မိတ်ဆွေ မဟုတ်၊ စာအုပ် ဆိုတိုင်း မိတ်ဆွေ မမည်၊ စာကောင်း ပေကောင်း သည်သာ မိတ်ဆွေအစစ် ဖြစ်ကြောင်း ခွဲခြား သိရှိရမည် ဖြစ်သည်။

လောကကို ကောင်းကျိုး ပေးမည့်စာ၊ တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြု မည့်စာ၊ အသိပညာ အလိမ္မာ ပေးမည့်စာကို စာကောင်း၊ အဆိပ်အတောက် သဖွယ် ဘေးဖြစ် စေတတ်သော စာ၊ အယူအဆ အတွေးအခေါ် လွဲမှား သိမြင်စေသော စာ၊ လောဘ၊ ဒေါသ၊ မောဟ တိုးပွားရင့်မာ လာစေသော စာမျိုး တို့သည် စာကောင်းဟု မဆိုနိုင်ကြောင်း သတိရှိ ရမည် ဖြစ်သည်။

စာအုပ်ကောင်း၊ စာကောင်း ပေမွန်များသည် မိတ်ဆွေ များထက် ပို၍ စိတ်ချအားကိုး ထိုက်သည်။ သစ္စာ ရှိသည်။ အသိပညာ၊ အတတ်ပညာ တို့ကို ပေးစွမ်း နိုင်သော ဆရာကောင်း လည်းဖြစ်သည်။ အသက်ရှည်ရာ အနာမဲ့ကြောင်း ညွှန်ပြနေသော သမားကောင်း တစ်ဦးလည်း ဖြစ်သည်။ လောကတွင် အရေးကြီးသော လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေး၊ ကြီးပွား တိုးတက် အောင်မြင်ရေး တို့ကို ပေးစွမ်းနိုင်သည်။

သို့ဖြစ်ရာ ရန်သူ၊ မိတ်ဆွေ ခွဲခြားသိမြင် ဆက်ဆံရ သလို စာပေ ကိုလည်း ကောင်း၊ မကောင်း ခွဲခြားတတ် ရမည် ဖြစ်သည်။ စာကောင်းကို ရွေး၍ ဖတ်တတ် ရမည် ဖြစ်သည်။ စာအုပ်သည် ငရဲကိုလည်း ပို့နိုင်သည်။ နိဗ္ဗာန် ကိုလည်း ပို့နိုင်သည်ဟု တင်စား ကြသည်ဖြစ်ရာ စာကောင်း ပေကောင်း များကို များများဖတ် ကြရမည် ဖြစ်သည်။

ယနေ့ခေတ်သည် သတင်း နည်းပညာခေတ် ဖြစ်သည်နှင့် အညီ ကွန်ပျူတာ သည် မရှိမဖြစ် ပစ္စည်း ဖြစ် သကဲ့သို့ အင်တာနက် မသုံးစွဲတတ် လျှင်လည်း ခေတ်မမီသော အခြေအနေမျိုး ဖြစ်သည်။ တိုးတက် လာသော ခေတ်နှင့်အညီ သတင်း နည်းပညာ ပစ္စည်းများ အသုံးပြု၍ မိမိသွား လေရာတွင် မိမိသိချင် သမျှကို အင်တာနက် တွင် ကြည့်နိုင်သည်။ ကမ္ဘာ အရပ်ရပ်မှ အဖြစ်အပျက် များကို အချိန်မဆိုင်းဘဲ ထိုင်ရာမထ သိနိုင်သည်။ မြင်နိုင်သည်။ အင်တာနက် အသုံးပြု၍ စာအုပ်များ ဖတ်နိုင်သည်။ သတင်းများ ကြည့်နိုင်သည်။ ဖတ်မှတ် နိုင်သည်။ ဆွေးနွေး နိုင်သည်။ ရေးသား နိုင်သည်။ အရာ အားလုံးကို e-Learning လုပ်နိုင်သည်။ စာအကောင်း အဆိုး ရောပြွမ်း နေရာမှ စာကောင်းများ ကိုသာ ဖတ်သင့်သည်။

သို့ရာတွင် ပုံနှိပ် မီဒီယာများ ဖြစ်သော စာနယ်ဇင်း တို့သည်လည်း နိုင်ငံ အသီးသီး၌ တွင်ကျယ် နေဆဲ ဖြစ်သည်။ တိုးတက်သော နိုင်ငံသားတိုင်း စာဖတ် ကြသည်။ မိမိတို့ နိုင်ငံသား များလည်း စာများများ ဖတ်ရန် အကြီးအကဲများ၊ ပညာရှိများ အမြဲ တိုက်တွန်း ကြသည်။ စာရေးဆရာ တစ်ဦး ပြောဖူးသည်မှာ '' စာကြီးပေကြီး တွေ မဖတ်နိုင် ရင်တောင်မှ ဗဟုသုတ နဲ့ ပြည့်စုံ နေဖို့ဆိုရင် တစ်နေ့ကို သတင်းစာ တစ်စောင်တော့ ကုန်အောင် ဖတ်ရမည် '' ဟူ၍ ဖြစ်သည်။ နေ့စဉ်ထုတ် သတင်းစာ များတွင် ကမ္ဘာ့အရေး၊ မြန်မာ့အရေး အဖြစ်အပျက် အစုံစုံ ကို သတင်းထူး၊ သတင်းဦးများအဖြစ် ဖော်ပြလျက် ရှိသည်။

ယနေ့ ကမ္ဘာကြီးတွင် နိုင်ငံ တစ်နိုင်ငံသည် ထီးတည်း နေ၍မရ။ ဂလိုဘယ် လိုက်ဇေးရှင်း အရ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ပေါင်းစည်း ဆက်နွှယ် ဆက်ဆံကြ ရသည်။ ထိုအခါ ကဏ္ဍစုံ၌ နိုင်ငံတကာ နှင့်အညီ ရင်ပေါင်တန်း နိုင်ရမည် ဖြစ်သည်။ နိုင်ငံသားတိုင်း သည် အသိပညာ၊ အတတ်ပညာ များ တိုးတက် မြင့်မား နေကြရမည် ဖြစ်သည်။ အတတ်ပညာ မြင့်မားအောင် ဖြည့်ဆည်း မြှင့်တင် နေရမည် ဖြစ်သည်။ အသိပညာ ဗဟုသုတ မြင့်မား နေအောင်လည်း မိတ်ကောင်း ဖော်မွန်များ ရွေးချယ် ပေါင်းသင်း ရသကဲ့သို့ စာအုပ်စာပေ များမှ စာကောင်း စာမွန် များကို ရွေးချယ် ဖတ်မှတ် လေ့လာ သွားသင့်ကြောင်း တင်ပြ လိုက်ရ ပါသည်။ ။

( ၁၃-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment