Pages

Monday, February 10, 2014

သဘာဝ နှင့် ပသာဒကျသည့် မြင်ကွင်းများ လှပစေရန်


သဘာဝ နှင့် ပသာဒကျသည့် မြင်ကွင်းများ လှပစေရန်

မြန်မာနိုင်ငံ သည် ရေမြေ တောတောင် သဘာဝ အရင်းအမြစ် များနှင့် ဖြစ်တည်လျက် သဘာဝ အလှတရား များနှင့် ပြည့်စုံ သောကြောင့် ကမ္ဘာလှည့် ခရီးသည် များကို ဆွဲဆောင် နိုင်သည့် နိုင်ငံဖြစ်၍ ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင် တစား လာရောက် လေ့လာ ကြည့်ရှုမှု များသော နိုင်ငံ ဖြစ်ပေသည်။

မြန်မာ့ မြေပေါ်တွင် ဇီဝမျိုးစုံ မျိုးကွဲပေါင်း များစွာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ထားသည့် သဘာဝ တောများ၊ ကမ္ဘာပေါ်တွင် တွေ့ရခဲသည့် ရှေးဟောင်း စေတီ ပုထိုးများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ သယံဇာတ တွင်းထွက် ပစ္စည်းများ ကိုလည်း တွေ့မြင် ကြည့်ရှု နိုင်သည်။

သာယာ လှပသည့် သဘာဝ ရှုခင်းများနှင့် သန့်ရှင်း လတ်ဆတ်သော လေကောင်း လေသန့်ကို ရှူရှိုက်၍ အနားယူ အပန်းဖြေ ရန် ကောင်းမွန်သော ရှမ်းပြည်နယ်မှ အင်းလေးကန် နှင့် ကချင်ပြည်နယ်မှ အင်းတော်ကြီးအိုင် တို့သည် ကမ္ဘာတွင် ထင်ရှား လှသည့်အပြင် ဖူးမြော်၍ မဆုံးနိုင်သော ရှေးဟောင်း စေတီ ပုထိုးများ ကြည့်ရှု လေ့လာ၍ မကုန်နိုင်သော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကလည်း နိုင်ငံ၏ ဂုဏ်ဒြပ်ကို ထင်ဟပ် စေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ သည် ကမ္ဘာလှည့် ခရီးသွား တို့၏ စိတ်ဝင်စားမှု အများဆုံး နိုင်ငံအဖြစ် လူသိများ လာပြီး ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု မှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက် များပြား လာခဲ့သည်။ ထို့ပြင် မြန်မာလူမျိုး တို့၏ ချစ်စရာ ကောင်းသည့် ဓလေ့နှင့် ဧည့်ဝတ် ကျေပွန်မှု ကလည်း ဆွဲဆောင်မှု တစ်ခုပင် ဖြစ်သည်။ မြို့ကြီးများ မှာလည်း ခေတ်မီတိုက်တာ အဆောက်အအုံ များဖြင့် ခေတ်နှင့်အညီ တိုးတက် လာပြီဖြစ်ရာ မန္တလေးမြို့ သည်လည်း တစ်မြို့ အပါအဝင် ဖြစ်၍ နှစ်စဉ် နိုင်ငံခြား ခရီးသွားများ လာရောက်မှု တိုးတက် များပြား နေသောမြို့ ဖြစ်သည်။

ထိုသို့သော သဘာဝ ပသာဒ အလှတို့ကို အရုပ်ဆိုး စေသည့် အရာများလည်း တစ်စတစ်စ ဖြစ်ထွန်း လာသည်ကို တွေ့ရသည် ။ ထိုအရာမှာ နေ့စဉ် သွားလာ နေကြသည့် ယာဉ်များပင် ဖြစ်သည်။ တစ်ချိန်က ''စက်ဘီးမြို့တော်'' ဟုခေါ်ရသော မန္တလေးမြို့ သည် ယခုအခါ ''ဆိုင်ကယ် မြို့တော်'' ဟု ခေါ်ရ လောက်အောင် ဆိုင်ကယ်များ ရှုပ်ထွေး လာသည်ကို တွေ့ရသည်။ ဆိုင်ကယ် သမားများ၊ မော်တော်ယာဉ် များ များပြား လာသည်နှင့် အမျှ ယာဉ်ကြော ရှုပ်ထွေးမှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများ၊ မတော်တဆ ယာဉ်အန္တရာယ် ဖြစ်မှုများကို မြင်တွေ့ နေကြ ရသည်။

ပြည်သူတို့ အနေဖြင့် မိမိတို့၏ စားဝတ် နေရေး အတွက် နေ့စဉ် သွားလာ လှုပ်ရှား နေကြရာတွင် ယာဉ်များကို အသုံးပြု သွားလာ နေကြရသည်။ ထိုသို့ သွားလာရာ၌ ယာဉ်စည်းကမ်း များကို လိုက်နာ၍ သွားလာကြ မည်ဆိုပါက ယာဉ်အန္တရာယ် နှင့် ကင်းဝေး စေမည် ဖြစ်သကဲ့သို့ စည်းကမ်းရှိရှိ သွားလာနေမှု များသည် မြင်ရသူ တို့၏ မျက်စိ ပသာဒတွင် လည်း အမြင်လှ ကြမည် ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ ကာလတွင် မြန်မာနိုင်ငံ သို့ ကမ္ဘာလှည့် ခရီးသွားများ ဝင်ထွက်မှု တိုးတက်များပြား လာသည်နှင့် အမျှ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာချိန်၌ ပြည်သူ တစ်ရပ်လုံးက သဘာဝ နှင့် ပသာဒ ကျသည့် မြင်ကွင်းများ လှပစေရန် အလေးထား လိုက်နာပြီး ကြိုးပမ်း ဆောင်ရွက် ကြရန် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။



( ၁၀-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment