Pages

Monday, February 10, 2014

သဘာဝတရား နှင့် လူသားတို့ အားမာန်


သဘာဝတရား နှင့် လူသားတို့ အားမာန်

ယနေ့ ကမ္ဘာကြီးတွင် ရာသီဥတု ဖောက်ပြန်မှု နှင့် ကမ္ဘာကြီး ပူနွေးလာမှု ကြောင့် ရေခဲတောင်များ အရည်ပျော် စီးဆင်းလာပြီး ပင်လယ် ရေမျက်နှာပြင် မြင့်တက် လာကြောင်း လေ့လာသူ များက ထောက်ပြ ထားကြပြီး ကုန်းတွင်းပိုင်း ဒေသများ၌ ရေခန်းခြောက် မှုကြောင့် သောက်သုံးရေ ရှားပါး လာကြောင်း တွေ့ရသည်။

ယခုနှစ် ဖေဖော်ဝါရီ ပထမ ရက်သတ္တပတ် အတွင်း ကမ္ဘာ့ ရာသီဥတုကို လေ့လာ ကြည့်သော် အာဖဂန် နစ္စတန် နိုင်ငံ မြောက်ပိုင်း ၌ လွန်ခဲ့သော ရက်အနည်းငယ် မှစ၍ အအေး လွန်ကဲပြီး နှင်းများ ထူထပ်စွာ ကျဆင်းနေခြင်း ကြောင့် ဂျော့ရှ်ဂျန်း ပြည်နယ် နှင့် ဖာရတ် ပြည်နယ် တို့တွင် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ကျွဲ၊ နွား၊ တိရ စ္ဆာန် ၁ဝဝဝ ကျော် ဆုံးရှုံးခဲ့သည့် အပြင် လူနေအိမ် များလည်း ပျက်စီး သွားကြောင်း ဆင်ဟွာ သတင်းက ဖော်ပြ ထားသည်။

အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်တွင် နှင်းမုန်တိုင်း ကျရောက်ပြီး ရေခဲ ဖုံးလွှမ်း နေခြင်းကြောင့် နယူးယောက် ရှိ အဓိက လေဆိပ်ကြီး များမှ လေကြောင်း ခရီးစဉ် ၁ဝဝဝ ကျော် ဖျက်သိမ်း လိုက်ရ သဖြင့် ခရီးသည်များ သောင်တင် နေကြသည်။ တက္ကဆက် ပြည်နယ် မှာ ဆန့်ကျင်ဘက် အကျိုး သက်ရောက်မှု ရှိနေရာ လွန်ခဲ့သော သုံးနှစ်မှ စ၍ မိုးခေါင် ရေရှား ဖြစ်ခဲ့ခြင်းကြောင့် ၄င်းဒေသရှိ သဘာဝ ဓာတ်ငွေ့ စက်ရုံများ လည်ပတ်ရန် အခက်အခဲ ကြုံတွေ့ နေရသည်။ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများ သည်လည်း မိုးခေါင် ရေရှားမှု အတွက် စိုးရိမ် နေကြရကြောင်း ဝါရှင်တန် က ပေးပို့သော အေအက်ဖ်ပီ သတင်းအရ သိရသည်။

ဆူမားတြားကျွန်း အနောက်ပိုင်းရှိ ဆီနာဘန်း မီးတောင် ပေါက်ကွဲရာမှ ပေါ်ထွက် လာသော ပြာမှုန့်များသည် မလေးရှား နိုင်ငံ အနောက် တောင်ပိုင်းသို့ လွင့်မျောေ ရာက်ရှိ လာနိုင်သဖြင့် လေယာဉ် ပျံသန်းမှုကို ထိခိုက် လာနိုင်ဖွယ် ရှိကြောင်း မလေးရှား မြို့ပြေ လကြောင်းဌာန က သတိပေးချက် ထုတ်ပြန် ထားသည်။ ဂျိုဟောဘာရူး ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနကလည်း မီးတောင် ပြာမှုန့်များ လွင့်မျော လာမှုကြောင့် လေထု အရည်အသွေး ထိခိုက် လာနိုင်မှုကို လေ့လာ စောင့်ကြည့်လျက် ရှိသည်။ 

မြန်မာနိုင်ငံ တွင် ဖေဖော်ဝါရီလ သည် ဆောင်းနှောင်း ရာသီသို့ ရောက်ရှိ နေပြီဖြစ် သဖြင့် နွေရာသီ အတွင်း သောက်သုံးရေ ရရှိရေး ကြိုတင် ဆောင်ရွက် နေကြပြီ ဖြစ်သည်။

မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၏ ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာနှစ် အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေ ကျပ် ၉၃၅ ဒသမ ၁၃၈ သိန်းမှ တောင်တွင်းကြီး မြို့နယ် ပန်းတော ကျေးရွာအုပ်စု ၌ ကြိတ်ပုတီး ရေပိုလွှဲဆည် တည်ဆောက်ရေး အတွက် ငွေကျပ် သိန်း ၆ဝ ခွဲဝေ ချထား မတည်၍ ဒေသခံ တောင်သူများ ထည့်ဝင်ငွေ များဖြင့် ဇန်နဝါရီ ၂၉ ရက်က စတင် တည်ဆောက်လျက် ရှိသည်။ ရေပို လွှဲဆည်သည် အရှည်ပေ ၅ဝ၊ အနံ ပေ ၃ဝနှင့် အမြင့် ၁ဝ ပေ တည်ဆောက် ထားသဖြင့် ပန်းတောငယ်၊ ပန်းတောကြီး၊ ကြီးအင်းကုန်း၊ ပျဉ်းမ၊ ပုဂံကုန်းနှင့် ကျခတ်ကန် ကျေးရွာတို့မှ တောင်သူများ ၏ လယ်ဧက ၈ဝဝ ကျော်၌ နွေ၊ မိုး၊ ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးရေ ပေးဝေ နိုင်မည် ဖြစ်သည်။

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် တောင်သူစု ကျေးရွာ၌ တုံကင်ဖြင့် ရေတင် နိုင်သော အဝီစိ လေးတွင်း တူးဖော်၍ ၄ ပေx ၈ ပေရှိ ရေလှောင်ကန် လေးကန်ကို ကျေးရွာ ပရဟိတ လူမှု ကူညီရေးအဖွဲ့ က ဆောက်လုပ် လှူဒါန်းခဲ့ရာ ကျေးရွာ ပြည်သူများ သောက်သုံးရေ၊ စိုက်ပျိုးရေ နှင့် မီးဘေး ကာကွယ်ရေးအတွက်ပါ အသုံးပြု နိုင်မည် ဖြစ်သည်။

ရာသီစက်ဝန်း တို့ ပြောင်းလဲ သည်နှင့်အမျှ သဘာဝ တရားကြီး ကလည်း လိုက်လံ ပြောင်းလဲလျက် လူတို့အတွက် ကောင်းကျိုး ကိုသော် လည်းကောင်း၊ ဆိုးကျိုး ကိုသော် လည်းကောင်း ဖန်တီး နေမည် ဖြစ်သည်။ သဘာဝ တရားကြီးက ဖန်တီး လာသော ကောင်းဆိုး နှစ်တန်ကို စံစားခံစား နိုင်ရန် လူသားတို့က လုံ့လဝီရိယ စိုက်ထုတ်၍ အားကြိုး မာန်တက် ကြိုးပမ်း ကြရမည် ဖြစ်ပေသည်။ ။

( ၁၀-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment