Pages

Saturday, February 15, 2014

မေတ္တာလွှမ်းသော ငြိမ်းချမ်းသည့် လောက


မေတ္တာလွှမ်းသော ငြိမ်းချမ်းသည့် လောက

လောက၌ 'ပီယဝါစာ' ချစ်ခင်ဖွယ် ချိုသာစွာ ပြောဆိုခြင်းကို လူတိုင်း နှစ်သက် ကြသည်။ 'ဖရုသဝါစာ' ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုခြင်းကို လူတိုင်း ရွံမုန်း ကြသည်။ သို့သော် အချို့သော သူတို့သည် ချိုသာစွာ ပြောဆို တတ်သည့် အကျင့် မရှိ၍ လည်းကောင်း၊ ဂုဏ် မောက်မာ၍ လည်းကောင်း၊ စည်းစိမ် ချမ်းသာကို အကြောင်းပြ၍ လည်းကောင်း၊ အခြား သူတို့အပေါ် ရိုင်းပျစွာ ပြောဆိုတတ် ကြသည်။ လောက၌ ချိုသာစွာ ပြောဆို၍ ရိုင်းပျစွာ ပြောဆိုခြင်းကို ရှောင်ကြဉ် သင့်ကြောင်း ငါးရာ့ငါးဆယ် သုဇာတာဇာတ် ကို ဘုရားရှင် ဟောတော်မူ ခဲ့သည်။

ရှေးအခါက ဗာရာဏသီပြည် ဗြဟ္မဒတ် မင်းကြီး၏ မယ်တော်သည် ကြမ်းကြုတ်၏။ အမျက် ဒေါသကြီး၏။ ရန်တွေ့ တတ်၏။ ထို့ကြောင့် ဗြဟ္မဒတ် မင်းကြီးသည် မယ်တော်ကို အဆုံးအမ ပညာပေးရန် သင့်တော်သည့် ကာလကို တွေးဆ၍ နေ၏။ တစ်နေ့ ဥယျာဉ် ကစားသွားသော် မယ်တော် ကို အတူ လိုက်ပါ စေ၏။ လမ်းခရီး တစ်နေရာ၌ တစ်တီတူးငှက် ၏ ကျယ်လောင်စွာ အော်မြည်သံ ကို ကြားရသော် မင်း၏ အခြွေအရံ တို့က ''ဟယ်ငှက်ယုတ် သင်၏ ရုန့်ရင်း ကြမ်းတမ်း စွာသောအသံ ဖြင့် မဟစ်ကြွေးလင့်''ဟု ဆိုကြ၏။

ဥယျာဉ်တော် သို့ ရောက်သောအခါ အင်ကြင်းပင် ကိုင်းဖျား၌ နားနေသော ဥသြငှက်၏ ချိုသာသော အသံကို ကြားရသော် မင်း၏ အခြွေအရံ တို့က ''အို သိမ်မွေ့ နူးညံ့သော အသံရှင် အဆွေငှက် ထပ်မံ၍ မြည်ကြွေး ပါဦး'' ဟု လည်ကိုမော့ နားကိုစွင့်၍ နားထောင်ကြ လေသည်။ ထိုအခါ မင်းကြီး သည် ထိုအကြောင်း ကို အခြေခံ၍ ပြောပြရန် အချိန် တန်ပြီဟု ယူဆကာ '' အို မိခင် အဆင်းနှင့် ပြည့်စုံ၍ သာယာသော အသံဖြစ် စေကာမူ ရုန့်ရင်း ကြမ်းတမ်းသော စကားကို မချစ် မနှစ်သက် အပ်ပါ။ မည်းနက်၍ အဆင်း မလှသော ဥသြငှက် ဖြစ်သော်လည်း ချိုသာစွာ တွန်ကျူး သောကြောင့် လူအများက ချစ်ခင် ကြသည် မဟုတ်ပါလော'' ဟု ပြောဆို လေသည်။

တစ်တီတူး ငှက်သည် အဆင်း တင့်တယ် သော်လည်း ရုန့်ရင်း ကြမ်းတမ်းစွာ အော်မြည် တတ်၍ လူတို့ ရွံမုန်း ကြသည်။ ဥသြငှက် သည် မည်းနက်၍ အဆင်းမလှ သော်လည်း ချိုသာစွာ မြည်တွန် တတ်၍ လူတို့ ချစ်ခင် ကြသည်။ ဤ ဇာတ်တော်ကို ထောက်ရှု၍ လူတို့ သည်လည်း ချိုသာသော စကား၊ ချစ်ဖွယ်သော စကားကို ပြောဆို အပ်၏။ ထိုစကားကို နှစ်သက်ကြ၏။ 'ဖရုသဝါစာ' ရုန့်ရင်း ကြမ်းတမ်းသော စကားကို လူတို့ မကြိုက် မနှစ်သက် သည်ကို သိနိုင်သည်။

သို့ဖြစ်ရာ လူသား အချင်းချင်း ဆက်ဆံ ကြရာတွင် ပြောဆိုသော စကား၊ အမူအရာ တို့သည် ရုန့်ရင်း ကြမ်းတမ်းသော စကား၊ အပြုအမူ မျိုး မဖြစ်စေဘဲ ချစ်ခင်ဖွယ် ချိုသာစွာ ပြောဆို ဆက်ဆံ၍ မေတ္တာ လွှမ်းသော ငြိမ်းချမ်းသော လောကကို တည်ဆောက် သွားကြ ရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( ၁၅-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment