Pages

Saturday, February 15, 2014

သူတော်စင်တို့ ပျော်ရာ သူတော်တောင်


သူတော်စင်တို့ ပျော်ရာ သူတော်တောင်

သူတော်တောင် သည် ရှေးယခင် ကစ၍ ဖိုးသူတော်များ နေထိုင် တရား အားထုတ်ရာ တောင်ဖြစ် သောကြောင့် ရှေးကာလ မှစပြီး သူတော်တောင် ဟု အမည်ရ ခဲ့သည်။ ကသာမြို့ နှင့် လေးမိုင်ခန့် ကွာဝေးပြီး အနောက်ဘက် ကသာ - အင်းတော် ကားလမ်းဘေး တွင် တည်ရှိသည်။ သူတော်တောင် သည် ပေ ၁ဝဝဝ ကျော်မြင့်ပြီး တောင်ပေါ်ဘုရား ခြေတော်ရင်း သို့ မော်တော်ကား များဖြင့် အရောက်သွား နိုင်သည်။

တောင်ပေါ်မှ ကြည့်လျှင် အရှေ့ဘက်တွင် ကသာမြို့ နှင့် မြစ်မင်း ဧရာဝတီကို အနီးလေး သဖွယ် တွေ့မြင်ရပြီး မြင်ကွင်းမှာ အပူမီး မှန်သမျှ အေးငြိမ်းသွား စေသည်။ အနောက်ဘက်တွင် နတ်ရေတွင်းရွာ နှင့် သာသနာ ထွန်းကား ခဲ့သည့် ရာဇဂြိုဟ် တောင်ကြီးကို စေတီများ ဖြင့် တွေ့မြင် ရသည်။ မြောက်ဘက်တွင် သာသနာ ထွန်းကားရာ ရေကန်တောင် ဆရာတော် ကျောင်းကို တွေ့မြင် ရပေသည်။ တောင်ခြေ မုခ်ဦးအဝင် ကားလမ်းဘေး ဝဲ၊ ယာ၌ လောင်စာဆီ အရောင်းဆိုင် များနှင့် ကသာမြို့မှ နွေးထွေးစွာ ကြိုဆိုပါသည် ဆိုင်းဘုတ်ကြီး ကိုမြင် တွေ့ရမည် ဖြစ်သည်။ ကသာမြို့ဟု ဆိုသော်လည်း ယခင်က ကမ်းသာမြို့ ဟု ခေါ်သည်။ ခရိုင်မြို့ ဖြစ်ပြီး မြို့နယ် ခုနစ်မြို့နယ် ရှိသည်။ ကသာ၊ အင်းတော်၊ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်၊ ဗန်းမောက်၊ ဝန်းသိုနယ် များဖြစ်သည်။ တိုင်းရင်းသား မျိုးစုံ နေထိုင်ပြီး အများ အားဖြင့် ရှမ်း၊ ဂဒူး၊ ဂဏန်း လူမျိုးများ ဖြစ်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာ ကို ကိုးကွယ် ယုံကြည်ပြီး တမူးရလျှင် တစ်ပဲလှူ ကြသည့် လူမျိုးများ ဖြစ်သည်။ ကသာ - ဗန်းမော် ရထားလမ်း ၏ မြောက်ဘက် ကသာ ဘူတာရုံနှင့် လည်း နီးသည်။ ကသာမြို့တွင် နေထိုင်သည့် မြို့နေ လူထုသည် ဖြူစင်သော မေတ္တာရှိပြီး ဘာသာ၊ သာသနာကို အလေးထား၍ အသက် ရာကျော်ရှည် ကြကြောင်း သိရသည်။ ဘိုးဘွား ရိပ်သာကြီး ကိုလည်း ဦးမြစံ ဦးစီး၍ အလှူရှင် များက တည်ဆောက် နေကြသည်။

သူတော်တောင် တွင် ယနေ့လက်ရှိ ဘုရား၊ ပုထိုး၊ စေတီများ၊ သာသနိက အဆောက်အအုံ များမှာ ၆၆ ပေ ၆ လက်မရှိ ဗုဒ္ဓသစ္စာ မဏ္ဍိုင် စေတီကြီး တစ်ဆူနှင့် စဥ့်ဖြင့် ပြုလုပ် ထားသော အရန်စေတီ ၂၆ ဆူ၊ သတ္တဿဟ ရုပ်ပွားတော်များ၊ ၆x၆ ပေ ပတ်လည်ရှိ ဓမ္မာရုံကြီး တစ်လုံး၊ သိမ်ကျောင်း၊ ကမ္ဘာအေး တကောင်း စေတီတစ်ဆူ၊ သံဃာ တစ်ပါးနေ ဝိပဿနာ တရား အားထုတ်ရန် တိုက်ကျောင်း လေးကျောင်း၊ နှစ်ခန်းတွဲတိုက်ကျောင်း တစ်ကျောင်း၊ သုံးထပ်ဆောက် လုပ်ဆဲ အာရ်စီ ကျောင်းကြီး တစ်ကျောင်း၊ ကုဋီနှစ်ခန်း တွဲတစ်လုံး၊ လေးခန်းတွဲ တစ်လုံးတို့ရှိပြီး ၂၄ နာရီ လျှပ်စစ်မီး ရရှိ၍ အမြင့်ပေ (၆ဝဝ) ကျော်ရှိ တောင်ပေါ်သို့ စိမ့်တွင်းမှ ရေကိုစက်ဖြင့် တင်ပို့ပေး သဖြင့် တောင်ပေါ်တွင် ရေကို အလျှံပယ် သုံးစွဲ နိုင်သည်။

သို့ဖြစ်၍ သူတော်စင်၊ သူတော်ကောင်း တို့ ပျော်မွေ့ရာ ကသာ (ကမ်းသာ) မြို့သို့ ဘုရားဖူးရင်း အနားယူ အပန်းဖြေ လာရောက် နိုင်ရေး အတွက် တင်ပြ ရေးသား လိုက်ရ ပါသည်။

ဟိန်းမင်းနိုင်(ကသာ)

No comments:

Post a Comment