Pages

Monday, February 17, 2014

နာဂမြေမှ ပန်သစ္စာ


နာဂမြေမှ ပန်သစ္စာ

( မဒါလေး )

ကျွန်မ မြို့ပြလို့ အမည်တပ် ခံထားရတဲ့ ရန်ကုန် ရွှေမြို့တော်ကြီး ကို ရောက်တာ အခုဆိုရင် သုံးနှစ် ရှိပြီလေ။ သုံးနှစ် ဆိုသော ကာလဟာ လူတစ်ယောက် ကို ပြောင်းလဲဖို့ ရန်အတွက် အတော်ပင် လုံလောက်သော အချိန်ဖြစ်ခဲ့ ပါတယ်။ ကျွန်မ ပြောင်းလဲ ခဲ့ပါပြီ။ နေတတ် ခဲ့ပါပြီ။ နားလည် ခဲ့ပါပြီ။ ဟန်ဆောင်တတ် ခဲ့ပါပြီ။ လူတွေ အကြောင်း၊ လူ့ အသိုင်းအဝိုင်း အကြောင်း၊ လောက အကြောင်း၊ အသိုင်းအဝိုင်း အချို့ အကြားမှာ နေထိုင်ရမယ့် ဟန်ဆောင်မှု စတဲ့ အကြောင်း တွေကို သေချာ နားလည် သိရှိခဲ့ပြီ။ အေးချမ်းတဲ့ ပန်ဆောင်မြေ မှ ခွဲခွာ လာကတည်းက ပူလောင်ခြင်း တွေ ရရှိလိမ့်မယ် လို့ ကျွန်မ တွေးမထား ခဲ့ပါ။ လူရိုင်းတွေလို့ ချစ်စနိုး တင်စား ခေါ်ဝေါ်ခံ ရတဲ့ ကျွန်မတို့ အတွက် မြို့ပြဟာ တကယ်ကို ပူလောင်စေ ခဲ့ပါတယ်။ စကား အပြောအဆို၊ အနေအထိုင်၊ အလိုက် သိတတ်မှု ကအစ ကိုယ့်စိတ် သဘောအတိုင်း မဟုတ်ဘဲ သူများ အလိုကျ ပြုမူ နေထိုင် ရတာကိုက ပူလောင် ခြင်းကြီး လှပါတယ်။ ကျွန်မ တို့လို မဖွံ့ဖြိုး မတိုးတက် သေးတဲ့ ဒေသမှ တိုင်းရင်းသား တွေကို ဒီလို မြို့ကြီးမှာ ဖွံ့ဖြိုးရေး သင်တန်းတွေ တက်ခိုင်း ရခြင်းက ကျောက်ရိုင်းကို အချော ပုံသွင်း သလိုမျိုး လွယ်မှာ မဟုတ်ဘူး ဆိုတာ အားလုံး သိကြမှာ ပါပဲ။ လူ့ ပတ်ဝန်းကျင် နဲ့ အခြေခံ ကျကျ ထပ်တူမျှ ဖို့လိုရင် ကျွန်မတို့ တွေရဲ့ ဓလေ့စရိုက် နဲ့ နေထိုင်မှု တွေကို အရင်ဆုံး လေ့လာကြ ရမှာပါ။ ဘာသာ၊ လူမျိုး ကွဲပြားမှု အပြင် အစားအသောက် ကအစ မတူညီတဲ့ မတူညီခြင်း တွေကို ညှိဖို့ ဆိုတာ နှစ်ဦးနှစ်ဖက် မလွယ်လှတဲ့ အလုပ်ပါပဲ။ ဒါပေမဲ့ လေထန် တိုင်းလဲ ပန်းမကြွေ စေဘဲ နာဂမြေမှာ ပန်းတွေဝေ စေဖို့ ကျွန်မ ကြံ့ကြံ့ခံ ခဲ့ပါပြီ။ သင်တန်း ပြီးတဲ့အချိန် ဆရာ၊ ဆရာမ တွေရဲ့ ကူညီပေးမှုနဲ့ လုပ်ငန်း တစ်ခုမှာလဲ ဝန်ထမ်း အဖြစ် တာဝန်ယူနိုင် ရန်လည်း ကြိုးစားခဲ့ပြီး ဘဝတိုက်ပွဲ ဝင်ရန် အသင့်ရှိ နေခဲ့ပါတယ်။ ဒီအချိန်က စလို့ ကျွန်မဘဝရဲ့ ပူလောင်ခြင်းတွေ ဒီဂရီမြင့်တက် ခဲ့ပါပြီ။ အလုပ်မှာ ခွဲခြား ခံရတဲ့ ဘွဲ့ရနဲ့ ဘွဲ့မရ မူဝါဒကြား ကျွန်မ တတ်ကျွမ်း ထားတဲ့ ကွန်ပျူတာ အခြေခံကလဲ ကယ်တင်မှု မပေးနိုင်ခဲ့ပါ။ သင်တန်းက သင်ပေး လိုက်တဲ့ လူ့အခွင့် အရေး၊ ခေါင်းဆောင်မှု၊ နိုင်ငံ တည်ဆောက်ရေး တွေကလဲ အကျွမ်းမဝင် တဲ့အခါ လစာ နည်းနည်းနဲ့ ဘဝရဲ့ အဆစ်အချိုး တွေကို ခေါင်းမော့ ရင်ကော့ကာ ခံရုံကလွဲပြီး ဘာရှိဦးမှာလဲ။ ဘွဲ့ရပြီး လုပ်ငန်း အတွေ့အကြုံ မရှိဘဲ လစာများများ ရတဲ့ လူတွေကြား ဘွဲ့မရသေး သော်လဲ လုပ်ငန်း ကျွမ်းကျင်သည့် တိုင်အောင် မလုံလောက်တဲ့ လစာနဲ့ပင် ခွဲခြားမှု တွေရဲ့ ကြားမှာ ခြောက်လ တစ်ကြိမ် လစာတိုးတဲ့ စာရင်းထဲက အလိုလို ပယ်ပြီးသား ဖြစ်ဖြစ် နေတတ်ပြန် ပါတယ်။ ပွင့်လင်းစွာ ပြောဆိုခြင်းကို ရိုင်းစိုင်းခြင်း လို့ တင်စား ထားကြတဲ့ လူ့ ပတ်ဝန်းကျင် တစ်ခုမှာ ရိုးသားစွာနေ ထိုင်ခြင်းကလဲ အပြစ် တစ်ခုလို ဖြစ်လာ ပါတော့တယ်။ ''တိုင်းရင်းသား မို့လို့ ခန့်ထားတာ'' ဆိုတဲ့ စာနာမှု အယောင်ဆောင် ပတ်ဝန်းကျင် တစ်ခုရဲ့ အရိပ်အောက်မှာ ကျင်လည် မိလေတော့ လူရိုင်းဆိုတဲ့ ဝေါဟာရက အပိုင်စား ရပြီးရင်း ရနေ တော့တယ်။ ဖွံ့ဖြိုး တိုးတက်ရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ကျွန်မတို့ဟာ ပြယုဂ်ကောင်း တစ်ခု အဖြစ်သာ အသုံးချခံ နေရတယ် ဆိုတာ တစ်စ တစ်စ နားလည် လာတယ်။ အဲ့ဒီအတွက် ဂုဏ်ယူနေတဲ့ အလုပ်ရှင် တွေကြားမှာ သိမ်ငယ်မှုဟာ တစ်စတစ်စ ပိုမိုကြီးထွား လာပြန်တယ်။ အဲ့ဒီစိတ်တွေ ဖြစ်လာတိုင်း ''ငါတစ်နေ့ ဘွဲ့ရရင်'' ဆိုတဲ့ ခံစားချက်နဲ့မာန်
တင်းရင်း ကြိုးစားခဲ့ မိတယ်။

အဆောင် လစာနဲ့ စားစရိတ် အကြား ဗျာများရတာ အပြင် လိုင်းကားခ နဲ့ ခြေကျင်ခရီး ကလဲ တစ်ခါတစ်ခါ ဘဝကို ပိုမို မောပန်း စေခဲ့ပါတယ်။ စေတနာ ပြည့်ဝတဲ့ ဆရာမတွေရဲ့ ကူညီ အားပေးမှု သာမရှိခဲ့ဘူး ဆိုရင် အခုလောက်ဆို ပန်ဆောင်မြေ က ပန်းလေးတစ်ပွင့် ရနံ့မသင်းဘဲ ညှိုးနွမ်း နေလောက် ပါပြီ။ ဘယ်သူတွေ ဘယ်လောက်ပဲ အားပေး အားပေး ရိုးသားတဲ့ တိုင်းရင်းသား ဘဝနဲ့ ကိုယ့်ဒေသရဲ့သဘာဝ လိုတော့ လုံခြုံမှုမရှိ လှပေ။ သဘာဝတွေ ဖောဖောသီသီ ရတဲ့ ကျွန်မတို့ ဒေသမှာ ''အိုင်တီ'' ဆိုတဲ့ အရာမရှိတာ ကလွဲလို့ အားလုံးဟာ လူစဉ်မီ ပါတယ်။ အော်ဂဲနစ် စင်တဲ့ စားသုံးမှု တွေရှိတယ်။ အိုဇုန်းလွှာ မပြဲသေးတဲ့ ဂလိုဘယ် ကျွန်မ တို့ဒေသမှာ ရှိနေ ပါတယ်။ ပြင်းထန်တဲ့ ရိုက်ချက်တွေ နဲ့ အနှစ်နှစ် အလလ ပေးဆပ် သမျှ ခြောက်သောင်း မကတဲ့ လစာလေးနဲ့ မြို့ပြမှာ ရှင်သန်ခဲ့မှု ကိုတော့ အဆုံးသတ်ရန် ဆုံးဖြတ် လိုက်ပါတယ်။ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ အတူ ပန်ဆောင်မြေ သို့ ပြန်ခဲ့ပါပြီ။ နောက်တစ်ကြိမ် မြို့ပြမှာ ခြေချရန် အတွက်တော့ ''ဘွဲ့ရမှ ပြန်လာမယ်'' လို့ သစ္စာ ပြုကာ ကျောခိုင်း လိုက်ပါတယ်။

No comments:

Post a Comment