Pages

Monday, February 17, 2014

မူးယစ်ဆေးဝါး ပပျောက်ရေး ပြည်သူများ ပါဝင်ဆောင်ရွက်


မူးယစ်ဆေးဝါး ပပျောက်ရေး ပြည်သူများ ပါဝင်ဆောင်ရွက်

ကမ္ဘာ့ နိုင်ငံ အသီးသီး၌ မူးယစ်ဆေးဝါး ဆိုင်ရာ ပြဿနာများ က အန္တရာယ် ပေးလျက် ရှိသည်။ မူးယစ်ဆေးဝါး များသည် လူငယ်ထု အတွင်းသို့ အသွင် သဏ္ဌာန် အမျိုးမျိုးဖြင့် ပျံ့နှံ့လျက် ရှိရာ နိုင်ငံ အသီးသီးက တားဆီး နှိမ်နင်းရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့ အသိုင်းအဝိုင်းဝင် မြန်မာနိုင်ငံ တွင် မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းအား ၁၉၉၉ - ၂ဝဝဝ ပြည့်နှစ်မှ စတင်၍ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ကို အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက် ခဲ့ရာ ၂ဝ၁၄ ခုနှစ် မတ် ၁၄ ရက်တွင် ကုန်ဆုံး တော့မည် ဖြစ်သည်။ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်း တွင် စိုက်ပျိုး ထုတ်လုပ်မှု ပပျောက်ရေး၊ သယ်ယူ ပို့ဆောင် ရောင်းဝယ်မှု ပပျောက်ရေး၊ မူးယစ်ဆေးဝါး အလွဲသုံးမှု ပပျောက်ရေး တို့ကို ကဏ္ဍအလိုက် ဆောင်ရွက် ခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲသူ များအား ဖော်ထုတ် အရေးယူ ပြန်လည် ကုသပေးပြီး ထုတ်လုပ်သူ၊ သယ်ဆောင် ဖြန့်ဝေ ရောင်းချ သူများကို တည်ဆဲ ဥပဒေ နှင့်အညီ တားဆီး အရေးယူလျက် ရှိသည်။

လူသား အားလုံး အညွန့်တုံး စေမည့် မူးယစ်ဆေးဝါး များကို ကမ္ဘာ တစ်ဝန်း၌ ထိထိ ရောက်ရောက် ကြပ်ကြပ် မတ်မတ် တားဆီး နှိမ်နင်း နေသည့် တိုင်အောင် လူသားများ၏ ဘဝကို ယနေ့အထိ အန္တရာယ် ပေးနေဆဲပင် ဖြစ်သဖြင့် တားဆီး နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက် ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ တွင် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းများကို ၂ဝ၁၄ - ၂ဝ၁၅ မှ ၂ဝ၁၈ - ၂ဝ၁၉ ခုနှစ် အထိ နှစ်နှစ် သက်တမ်း တိုးမြှင့် ဆောင်ရွက်လျက် ရှိရာ ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှု ပပျောက်ရေး၊ တားဆီး နှိမ်နင်းရေး၊ ပြည်သူလူထု နှင့် အခြား အဖွဲ့အစည်း များ ပူးပေါင်း ပါဝင်ရေး၊ နိုင်ငံတကာ နှင့် ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍများ ဟန်ချက်ညီ ဆောင်ရွက် သွားမည် ဖြစ်သည်။ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး တိုးမြှင့် ဆောင်ရွက် နိုင်ရန် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ကိုလည်း တိုးချဲ့ ဖွဲ့စည်း ဆောင်ရွက် နေပြီ ဖြစ်သည်။

မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေး လုပ်ငန်းများ တွင် စိတ်ကြွ မူးယစ်ဆေးဝါး အပါအဝင် မူးယစ်ဆေးဝါး နှင့် အိမ်သုံးဆေးဝါး အလွဲသုံးမှုများ လူငယ်ထု အတွင်း ပျံ့နှံ့ နေခြင်းကြောင့် ပြန်လည် ထူထောင်ရေး အဖွဲ့၊ ကျောင်းသား လူငယ်များအား အသိပညာ ပေးရေးအဖွဲ့ နှင့် ပြည်သူများအား ပညာပေး လှုံ့ဆော်ရေး အဖွဲ့ တို့သည် အချင်းချင်း ပေါင်းစပ်၍ ပညာပေးရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် ကြရမည် ဖြစ်သည်။

သို့ဖြစ်၍ လူသားတို့ အတွက် ကောင်းကျိုး မပေးဘဲ ဆိုးကျိုး သက်သက်သာ ပေးသည့် မူးယစ်ဆေးဝါး များ မြန်မာ့ မြေပေါ်မှ ပပျောက်ရေး လုပ်ငန်းများကို နိုင်ငံအတွင်း ရှိ ၅၁ မြို့နယ်တွင် ဆောင်ရွက် သွားမည် ဖြစ်ရာ တိုင်းရင်းသား ပြည်သူအားလုံး ထိရောက်စွာ ပူးပေါင်း ပါဝင် ကူညီ ဆောင်ရွက် သွားကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( ၁၇-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment