Pages

Thursday, February 13, 2014

ဥတုရာသီ တောကိုမှီ၏


ဥတုရာသီ တောကိုမှီ၏

သစ်တော သစ်ပင် များသည် လူသားတို့ အတွက် အကျိုးများစွာ ရှိသည့် သဘာဝ သယံဇာတ ဖြစ်သည်။ ကမ္ဘာကြီးနှင့် လူသားတို့ အတွက် သစ်တော သစ်ပင် များသည် သဘာဝ အလျောက် ဖြစ်ပေါ်လာပြီး အကျိုးများစွာ ပြုသည်။

လူသားများ အတွက် အသုံးပြုရန် ထင်း၊ မီးသွေး၊ လောင်စာများ အဖြစ် လည်းကောင်း၊ အိမ်ထောင် ပရိဘောဂ၊ စက်ယန္တရား၊ အလုပ်ရုံ၊ စက်ရုံများ တည်ဆောက်ရန် အတွက် လည်းကောင်း အသုံးပြု နိုင်သည်။ ထိုသို့ သုံးစွဲရာတွင် သုံးလည်းသုံး မကုန်စေနှင့် ဟူသော စကားနှင့် အညီ သစ်တော သစ်ပင်ကို ထိန်းသိမ်း ရန်လည်း လိုသည်။

ကမ္ဘာပေါ်တွင် မြန်မာ့ သယံဇာတများ အထူး ကောင်းမွန် လာရခြင်းမှာ မြန်မာနိုင်ငံ သည် ကမ္ဘာဦး အစ ကတည်းက နေ၏ လမ်းကြောင်း အီကွေတာပေါ် ကျရောက် နေသည်။ ထို့ကြောင့် နေ၏ အပူချိန်ကို အပြည့်အဝ ရရှိ နေသည်။ မြန်မာနိုင်ငံ သည် သစ်တောများ ထူထပ်စွာ ပေါက်ရောက် နေသောကြောင့်၊ သစ်တောများ ကြားခံ ထားသောကြောင့်၊ အပူရှိန်ကို မျှတစွာ ရရှိ နေသောကြောင့် ဖြစ်သည်။

သစ်တောများ ရှိနေခြင်းကြောင့် သစ်တောများက ကာဗွန်ဒိုင် အောက်ဆိုက် များကို စုပ်ယူပြီး အောက်ဆီဂျင် ကို ထုတ်လွှတ် ပေးသောကြောင့် ကမ္ဘာသို့ နေရောင်ခြည် တိုက်ရိုက် ထိခိုက်မှုမှ ကာကွယ် ပေးသည့် အိုဇုန်းလွှာ ဖြစ်စေသည်။ သစ်တောများ နည်းပါး၍ အိုဇုန်းလွှာ ပါးလွှာ ပေါက်ပြဲမှု ဖြစ်ပါက နေရောင်ခြည် ကို တိုက်ရိုက် ထိတွေ့၍ နေရောင်တွင် ပါသည့် ခရမ်းလွန်ရောင်ခြည် ကြောင့် အရေပြား ကင်ဆာကို ဖြစ်စေသည်။

သစ်တောများ နည်းပါးသွား၍ ကမ္ဘာ့ အပူချိန်ကို သစ်တောများ က ထိန်းမပေး နိုင်တော့သဖြင့် မိုးတွင်း ကာလတွင် မိုးကြိုး လျှပ်စီးများ ဖြစ်ပေါ် လာရသည်။ သစ်တော များစွာ ရှိနေပါက မိုးကြိုး လျှပ်စီး ဖြစ်ပေါ်မှု နည်းပါး စေသည်။ တောင်ပေါ် ဒေသများ၌ မိုးတွင်းကာလ တောင်ပြိုမှုကို ကာကွယ် ပေးသည်။ ထို့ပြင် သစ်တော များစွာ ရှိနေပါက သစ်ရွက်များမှ ထွက်ရှိသော ရေဓာတ်၊ အာကာသ တွင်ရှိသော ရေဓာတ်၊ ကမ္ဘာမြေမှ ထွက်သော ရေဓာတ်တို့ ပေါင်း၍ ညအချိန် မြူများ အဖြစ် ကျဆင်း၍ စိုက်ခင်းများ မြူရည်ကို သောက်သုံး ရ၍ စိုက်ပျိုးမှု ဖြစ်ထွန်း စေသည်။

ထို့ကြောင့် သစ်တောများ သည် ရေ၊ မြေ၊ လေ နှင့် နေပူချိန် ကို သဟဇာတ ဖြစ်စေရန် ညှိနှိုင်း ပေး၍ ရာသီဥတုကို မျှတ စေသည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ရန်အတွက် သစ်တော သစ်ပင်များကို ထိန်းသိမ်း ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဥတုရာသီကို ထိန်းညှိ ပေးသည့် သစ်တောများကို မြန်မာ့ မြေပြင်တွင် ရှင်သန်စေရန် လုပ်ငန်းကြီး တစ်ရပ်အဖြစ် သစ်တစ်ပင် ခုတ်ယူလျှင် သစ်ဆယ်ပင် ရှင်သန်အောင် အားလုံးက ဝိုင်းဝန်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( ၁၃-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment