Pages

Wednesday, January 22, 2014

အပြစ်ကင်းစင်၍ ချစ်ခင်ပါ


အပြစ်ကင်းစင်၍ ချစ်ခင်ပါ

နွေနေအပူတွင် ရေချမ်းစင် တစ်ခု၏ တန်ဖိုးသည် သုံးစွဲသူတို့ အတွက် အလွန် အဖိုး ထိုက်တန်သည်။ ဘဝခရီးလမ်း ၌လည်း စာပေရေချမ်းစင် ၏ တန်ဖိုးသည် အသုံးချ တတ်သူများ အတွက် အဖိုး အနဂ္ဃ ထိုက်တန်သည်။ စာပေများတွင် အသေးဆုံး အပ်တစ်ချောင်း မှသည် အကြီးဆုံး အတိုးတက်ဆုံး သိပ္ပံပညာ ဖြစ်သည့် ဒုံးပျံ အကြောင်းအထိ လေ့လာနိုင်သည်။ စာပေနှင့် ကင်း၍ ကျော်ကြားသူ မရှိသကဲ့သို့ စာပေနှင့် ကင်းသည့် သိပ္ပံပညာ ဟူ၍ မရှိပေ။ စာပေသည် လူသားတို့၏ လူမှုဘဝ အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂတ် ကို ပုံဖော် ရည်ညွှန်းသည်။

စာပေ လေ့လာခြင်းသည် မိတ်ဆွေကောင်း နှင့် ပေါင်းသင်းရခြင်း နှင့်တူသည်။ မိတ်ဆွေကောင်း သည် မိမိ၏ ကောင်းကျိုးကို ပြုသည်။ ဒုက္ခရောက်သည့် အခါ ကူညီသည်။ ကောင်းမွန်ရာကို လမ်းညွှန်သည်။ အောင်မြင်မှု ရသောအခါ ဝမ်းမြောက်သည်။ ဤသို့လျှင် စာပေနှင့် မိတ်ဆွေကောင်း သည် အလားတူ၏။ လောကတွင် မိတ်ဆွေကောင်း သည် ရှား၏။ စာပေ မိတ်ဆွေကောင်း ကားမရှားပါ။ ထို စာပေ မိတ်ဆွေကောင်း နှင့် အပေါင်းအသင်း ပြု၍ မိမိဘဝကို တိုးတက်အောင် ဆောင်ရွက် ရန်သာ လိုသည်။ ထို့ကြောင့်လည်း ရှေးလူကြီး သူမများက '' စာအုပ်စာပေ လူ့မိတ်ဆွေ '' ဟု ဆိုရိုးပြုခဲ့ခြင်း ဖြစ်ပေသည်။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့် စကားကို တစ်ချို့က လူတွင် မိတ်ဆွေကောင်း ၊ မိတ်ဆွေဆိုး ရှိသကဲ့သို့ စာအုပ်စာပေဆိုး ဟူ၍လည်း ရှိမည်ဟု ဆိုကြသည်။

ဤတွင် စာရေးဆရာကြီး ဇေယျ၏ '' စာပေတွင် မကောင်းသော စာပေ ၊ မလေ့လာ အပ်သော စာပေဟူ၍ မရှိ ၊ ထိုစာပေမှ ရအပ်သော ဗဟုသုတကို သုံးအပ်သည်။ ထိုသို့ သုံးစွဲရာတွင် ရှောင်သင့် ၊ ဆောင်သင့်ပုံကို ချိန်ဆ ဝေဖန်ခြင်းသာ အရေးကြီးသည် ဟု မှတ်အပ်သည် ''ဟူသော အဆို အမိန့်ကို မှတ်သား နာယူ သင့်သည်။

စာပေ၏ ကျေးဇူးကား များပြား လှသည်။ စာဖတ်၍ လူ့လောက အကြောင်း အကောင်းအဆိုး ၊ အကြောင်းအကျိုး ကို ထင်လင်းစွာ သိနိုင်သည်။ စာဖတ်၍ ဘဝအလင်း ပွင့်လာနိုင်သည်။ မိမိနိုင်ငံ တွင်သာမက ကမ္ဘာနှင့် အဝန်း ဖြစ်ပျက်မှုများကို သိရှိ၍ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်သည်။ လက်တွေ့တွင် မှားစရာ မရှိအောင် အမှန်ကို မီးမောင်း ထိုးပြသည်။

စာအုပ်စာပေ လူ့မိတ်ဆွေ ဟူသော ဆိုရိုးစကားမှာ အလွန် မှန်ကန်၍ ယနေ့ လူငယ်တို့ အနေဖြင့် မိမိတို့ ဘဝတွင် မှန်ကန်သော အကြား အမြင် အသိ တို့ တိုးပွားစေရန် စာပေ ရေချမ်းစင် များမှသည် စာကြည့်တိုက်ကြီး များဆီသို့ ခြေဦးလှည့်၍ လေ့လာ သင့်သည်။ လောက၌ အချစ် မဝင်လျှင် အပြစ်မြင် တတ်၏။ အပြစ်စင်လျှင် ချစ်ခင် တတ်၏။

သို့ဖြစ်ရာ မိမိဘဝ တိုးတက်ရေး အတွက် လည်းကောင်း ၊ နိုင်ငံနှင့် လူမျိုး ၊ လူနေမှုဘဝ တိုးတက်ရေး အတွက် လည်းကောင်း မိတ်ဆွေကောင်း ဖြစ်သည့် အပြစ် ကင်းစင်သည့် စာအုပ်စာပေ များကို လေ့လာ ဖတ်ရှု အသုံးချရန် ချစ်ခင်သည့် စိတ်ဓာတ်ဖြင့် အလေးအမြတ်ပြု ဖတ်ရှုသင့်ကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( ၂၂-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment