Pages

Wednesday, January 22, 2014

မွန်မြတ်သော အားကစားစိတ်ဓာတ် ပိုင်ရှင်များ


မွန်မြတ်သော အားကစားစိတ်ဓာတ် ပိုင်ရှင်များ

အယ်ဒီတာ့အာဘော် 
( ၂၂-၁-၂၀၁၄ )

မသန်စွမ်း အားကစား ပြိုင်ပွဲအစ အိုလံပစ် ပြိုင်ပွဲဝင် ကိုယ်အင်္ဂါ ချို့တဲ့သူ အားကစား သမားများက ဟု ဆိုနိုင်သည်။ ၁၉ဝ၄ ခုနှစ်က ကျင်းပခဲ့သော အိုလံပစ် အားကစား ပွဲတော်သို့ ခြေတုတစ်ဖက် တပ်ဆင် ထားသော  အားကစားသမား ဂျော့ခ်ျအီဇာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ခြင်းသည် မသန်စွမ်း အားကစား ပြိုင်ပွဲ ပေါ်ထွန်းရေး အစပျိုး လိုက်ခြင်းပင် ဖြစ်သည်။ ၁၉၄၈ ခုနှစ် နှင့် ၁၉၅၂ ခုနှစ် တို့တွင် ကျင်းပခဲ့သော အိုလံပစ် ပွဲတော် သေနတ်ပစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဟန်ဂေရီ နိုင်ငံသား ကာရလီတက်ကက်စ် သည် လက်ယာဘက် လက်တစ်ဖက် ပြတ်နေသော်လည်း လက်ဝဲဘက် လက်ဖြင့် သေနတ်ပစ် ပြခဲ့သည်။ အခြားတစ်ဦးမှာ ဒိန်းမတ် နိုင်ငံသား လစ်ဟာတယ်လ် သည် ပိုလီယိုရောဂါ ခံစားနေရသူ ဖြစ်သော်လည်း အိုလံပစ်ပွဲတော် တန်းကျော် မြင်းစီး အားကစား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ဆု ရရှိခဲ့သည်။

၁၉၄၈ ခုနှစ်တွင် လန်ဒန်မြို့၌ အိုလံပစ်ပွဲတော် ကျင်းပ နေချိန်၌ ဂျာမနီ နိုင်ငံသား ဒေါက်တာ လူ့ဒ်ဝစ်ခ်ဂတ်မန်း သည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက ရရှိခဲ့သည့် ဒဏ်ရာကြောင့် မသန်စွမ်း ဖြစ်နေသော ဗြိတိသျှ တပ်ဖွဲ့ဝင် များအား ဖိတ်ခေါ်၍ ဘီးတပ် ကုလားထိုင်ပေါ်မှ လှုပ်ရှားရသော အားကစား ပြိုင်ပွဲများ ကျင်းပ ပေးခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် မသန်စွမ်း အားကစား ပြိုင်ပွဲများ ထပ်မံကျင်းပေ ပးခဲ့ရာ ဒတ်ခ်ျနိုင်ငံသား စစ်ပြန်ကြီး များနှင့် ဗြိတိသျှ နိုင်ငံသား စစ်ပြန်ကြီးများ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။ ဤပြိုင်ပွဲသည် ပထမ ဦးဆုံးသော နိုင်ငံတကာ မသန်စွမ်း သူများ အားကစား ပြိုင်ပွဲ၏ ရှေ့ပြေးပင် ဖြစ်သည်။ 

၁၉၄၈ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သော နွေရာသီ အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲ ကျင်းပသည့် နေ့တွင် ကိုယ်အင်္ဂါ ချို့တဲ့သူများ အားကစား အဖွဲ့ချုပ် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ရောမမြို့၌ ကျင်းပခဲ့သော ကိုယ်အင်္ဂါ ချို့တဲ့သူများ အားကစား ပြိုင်ပွဲသည် စစ်မှုထမ်းေ ဟာင်းကြီးများ ယှဉ်ပြိုင်ရန် ပထမဆုံး ကျင်းပခဲ့သော အားကစားပွဲ ဖြစ်သည်။ ထိုပြိုင်ပွဲသည် ဘီးတပ် ကုလားထိုင်ပေါ်မှ လှုပ်ရှား ကြရသည့် အားကစားနည်း များသာ ယှဉ်ပြိုင် ခဲ့ကြသော်လည်း ၁၉၇၆ ခုနှစ်တွင် ကျင်းပသော ပြိုင်ပွဲများမှ စ၍ မသန်စွမ်းမှု အမျိုးအစားများ ခွဲခြား ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄ဝ မှ မသန်စွမ်း အားကစား သမား ၁၆ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။ ၂ဝဝ၈ ခုနှစ်က ပေကျင်း၌ ကျင်းပခဲ့သော မသန်စွမ်း အားကစားပြိုင်ပွဲ သို့ နိုင်ငံပေါင်း ၁၄၆ နိုင်ငံမှ အားကစား သမား ၃၉ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်အထိ တိုးတက် လာခဲ့သည်။

အရှေ့တောင် အာရှ နိုင်ငံများမှ မသန်စွမ်း အားကစား သမားများ ပြိုင်ပွဲကို ၂ဝဝ၁ ခုနှစ်တွင် မလေးရှား နိုင်ငံ ၌ ပထမဆုံး အကြိမ် ကျင်းပ ခဲ့သည်။ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံ နေပြည်တော်၌ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်အထိ အားကစားနည်း ၁၂ မျိုး ထည့်သွင်း ကျင်းပ ခဲ့သည်။ နိုင်ငံအလိုက် ဆုတံဆိပ် အများဆုံးမှာ အင်ဒိုနီးရှား၊ ထိုင်း ၊ ဗီယက်နမ် ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ဘရူနိုင်း ၊ ကမ္ဘောဒီးယား နှင့် လာအို တို့ အစဉ်အတိုင်း ဖြစ်သည်။ 

(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြသော အားကစား သမား များသည် ချစ်ခင် ရင်းနှီးခြင်း ၊ ညီမျှခြင်းနှင့် စည်းလုံး ညီညွတ်ခြင်း ဆိုသော ဆောင်ပုဒ်နှင့် အညီ မိမိတို့ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ရန် ကြိုးစား ခဲ့ကြသည်။

သို့ဖြစ်၍ မသန်သော်လည်း စွမ်းဆောင် နိုင်ခဲ့ကြသည့် မွန်မြတ်သော အားကစား စိတ်ဓာတ်ရှိ သူတို့အား မြဝတီက ဂုဏ်ပြု မှတ်တမ်းတင် လိုက်ရပါသည်။   ။

No comments:

Post a Comment