Pages

Tuesday, January 21, 2014

စဥ့်ကိုင်မြို့နယ် အတွင်းရှိ ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်



စဥ့်ကိုင် ၊ ၂၁-၁-၂၀၁၄

'' ယဉ်ကျေးမှု ဆိုင်ရာ အရာဝတ္ထု တစ်ခုသည် ရှေးကျလေလေ တန်ဖိုးရှိလေ ဖြစ်၏ ''ဟု ဆရာကြီး ဦးဖေမောင်တင် က ရေးသားထား သည်ကို မှတ်သား ဖူးသည်။ စဥ့်ကိုင်မြို့နယ် အတွင်း သမိုင်းဝင် မှတ်သားဖွယ် ဝတ္ထုများစွာ ရှိလေသည်။

သမိုင်းဆိုင်ရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များစွာ ရှိသည့် အနက်မှ ရှေးဟောင်း ကျောက်စာ အချပ်ရေ စုစုပေါင်း ၂ဝ ကျော်ခန့်ရှိသည်ဟု လေ့လာ သိရှိရသည်။ ထို ကျောက်စာချပ် များသည် ပုဂံခေတ် အလယ်ပိုင်းမှ စတင်၍ ရတနာပုံခေတ် တိုင်အောင် ခေတ်အဆက်ဆက် ရေးထိုးခဲ့သော ကျောက်စာ များဖြစ်သည်။ ယခုအချိန်ထိ ဖတ်ရှု မှတ်တမ်းတင် နိုင်သည့် ကျောက်စာ ချပ်ရေ စုစုပေါင်း ၁၃ ခုကျော် ရှိသည်။ ထို ကျောက်စာချပ် များအနက်မှ အစောဆုံး ကျောက်စာ တစ်ချပ်ကို စဥ့်ကိုင်မြို့နယ် စွန်ရဲကျေးရွာ ဆုတောင်းပြည့် ဘုရားပရိဝုဏ် အတွင်း ကျောင်းထိုင် ဆရာတော်မှ ထိန်းသိမ်း ထားရှိသည်ကို တွေ့မြင် လေ့လာခဲ့ ရသည်။

၎င်းကျောက်စာ သည် သက္ကရာဇ် ၅၅၉ ခုနှစ် ပုဂံခေတ် ထီးလိုမင်းလိုမင်း လက်ထက် သင်ကြီး (သူကြီး) ဖုန်သင်းကာ ရေးထိုးခဲ့သော ကျောက်စာချပ် ဖြစ်ပြီး ပိဋကတ် သုံးပုံနှင့် စေတီပုထိုးကို ဆုတောင်းပြည့် ဘုရား အား လှူဒါန်းထားသည်ဟု သိမှတ် ရသည်။

စဥ့်ကိုင်မြို့နယ် အတွင်းရှိ ရှေးဟောင်း ကျောက်စာများ အနက် အစောဆုံး ကျောက်စာ ဖြစ်သည့် ဆုတောင်းပြည့်ကျောင်း ကျောက်စာသည် အမြင့် သုံးပေခွဲ ခန့်ရှိပြီး ဗြက် နှစ်ပေခန့်ရှိ တစ်ဖက်ထိုး (တစ်မျက်နှာ) ကျောက်စာ ဖြစ်ပြီး စာကြောင်းရေ ၂၅ ကြောင်း ပါရှိသည်။

၎င်းကျောက်စာ သည် စဥ့်ကိုင်မြို့နယ် အတွင်းရှိ ရှေးဟောင်း ကျောက်စာများ အနက် အစောဆုံးသော ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း သက္ကရာဇ် များကို နှိုင်းယှဉ် ကြည့်ရှု သဖြင့် သိရသည်။ ထို့ပြင် ဆုတောင်းပြည့် ဘုရားကျောင်း အတွင်းတွင် သက္ကရာဇ် ၆၈၃ ခုနှစ်ပါ ကျောက်စာ တစ်ချပ်နှင့် အခြားကျောက်စာ တစ်ချပ် စုစုပေါင်း သုံးချပ် ရှိသည်ကို တွေ့မြင် ခဲ့ရသည်။

အဆိုပါ ကျောက်စာများနှင့် ပတ်သက်၍ ခေတ်အက္ခရာ ဖလှယ်ရန် အတွက် ကျောက်ဆည် တက္ကသိုလ် မြန်မာစာ ဌာနမှ ဒေါက်တာ ခင်မြတ်မင်း ကို အကူအညီ တောင်းခံ ထားကြောင်း ကျောင်းထိုင် ဆရာတော် က ပြောပြသည်။

စွန်ရဲကျေးရွာရှိ ဆုတောင်းပြည့်ကျောင်း ကျောက်စာသည် စဥ့်ကိုင်မြို့နယ် အတွင်းရှိ ရှေးဟောင်း ကျောက်စာများ အနက် အစောဆုံး ကျောက်စာ တစ်ချပ်ဖြစ်ပြီး မြို့နယ် အတွင်းတွင် ခေတ်အဆက်ဆက် ရေးထိုးခဲ့သော ကျောက်စာချပ် ပေါင်းများစွာ ရှိသဖြင့် သမိုင်း လေ့လာသူ ဝါသနာရှင် ၊ ပညာရှင်များ အနေဖြင့် လာရောက် လေ့လာသင့် သည့် နေရာအဖြစ် ရှိနေကြောင်း သိရသည်။

တိုက်ကြည်(စဥ့်ကိုင်)

No comments:

Post a Comment