Pages

Friday, December 20, 2013

မြန်မာ့တိုင်းရင်းဆေးပညာ


မြန်မာ့တိုင်းရင်းဆေးပညာ

လူတိုင်း သက်တမ်းစေ့ အသက်ရှင် နေထိုင်နိုင်ရေး နှင့် ရောဂါဘယ ကင်းဝေးစေရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက် ရာတွင် ကျန်းမာရေး အသိပညာ ပေးခြင်း ၊ ရောဂါ ကာကွယ် တားဆီးခြင်း နှင့် ထိရောက်သော ကုသမှု ခံယူခြင်း တို့ကို ပြုလုပ် ကြရပေသည်။

ထိရောက်သော ကုသမှုတွင် ခေတ်မီ ဆေးပညာများ အပြင် မြန်မာ့ တိုင်းရင်းဆေး ပညာလည်း အပါအ၀င် ဖြစ်သည်။ မြန်မာ့ တိုင်းရင်းဆေး ပညာသည် သမိုင်း တန်ဖိုး မြင့်မားသည့် ရှေးဟောင်း အမွေအနှစ် ဆေးပညာ တစ်ရပ် ဖြစ်သည်။ ထို့ပြင် မြန်မာ့ ရာသီဥတု ၊ ရေပြေ သဘာဝ တောတောင် ၊ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် ဓလေ့ထုံးတမ်း စဉ်လာများ ထံမွမ်းလျက် တည်တံ့ ခဲ့သော ထီးနန်းသုံး တော်ဝင် ဆေးပညာလည်း ဖြစ်သည်။

ရှေးရှေးသော မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ခေတ် အဆက်ဆက် အမွေဆက်ခံ လာသော တိုင်းရင်း ဆေးဝါးများ၏ ကုသမှု နည်းများ ၊ ခေတ်မီ နည်းများ နှင့် စနစ်တကျ သုတေသန ပြု ဖော်ထုတ် နိုင်မှုကြောင့် မြန်မာနိုင်ငံ ၏ အဓိက ကျန်းမာရေး ပြဿနာ ဖြစ်သည့် ငှက်ဖျား ၊ သွေးတိုး ၊ ဆီးချို ၊ တီဘဲ ၊ ၀မ်းပျက် ၀မ်းလျှော နှင့် ၀မ်းကိုက် ရောဂါများကို ကုသ ပေးနိုင်သော ရလဒ်ကောင်း များလည်း ရရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း သဘာဝ အလျှောက် ပေါများစွာ ဖြစ်ထွန်း ပေါက်ရောက်လျက် ရှိသော သဘာဝ သယံဇာတ အရင်းအမြစ် များဖြစ်သည့် အဖိုးတန် ပရဆေးပင်များ ရေထွက် ၊ မြေထွက် နှင့် တိရစ္ဆာန်ထွက် ဆေးဖက်ဝင် ပစ္စည်းများကို ပြည်သူများ၏ ကျန်းမာရေး အတွက် ဆေးဝါးအဖြစ် ဖော်ထုတ် သုံးစွဲလျက် ရှိသည်။

တိုင်းရင်းဆေး ပညာရပ်များ ပိုမို တိုးတက်ရေး အတွက် တိုင်းရင်းဆေး များကို လက်တွေ့ စမ်းသပ်မှု ပြုလုပ်ပြီး အများ ပြည်သူများ ပိုမို ယုံကြည် စိတ်ချစွာ အသုံးပြု နိုင်ရေး ၊ တိုင်းရင်းဆေး ထုတ်လုပ်မှု အပိုင်းတွင် သတ်မှတ် အရည်အသွေး ပြည့်မီစေရေး ၊ တိုင်းရင်းဆေး ညွှန်းများကို တိကျသော အလေးချိန် ပမာဏ အတိုင်းအတာ ဖြင့် သတ်မှတ် ဆောင်ရွက်ရေး နှင့် အခြားနိုင်ငံ များမှ တိုင်းရင်းဆေး ပညာရပ် များကို အမြဲမပြတ် လေ့လာ ဆည်းပူး သွားရေး တို့ကို တိုင်းရင်းဆေး ပညာရှင် များက ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့ တိုင်းရင်းဆေး ပညာဖြင့် ပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှု တို့ကို ပိုမို ထိရောက်စွာ ကာကွယ် ကုသပေး နိုင်သည့်အပြင် အဓွန့်ရှည် တည်တံ့ စေရန်နှင့် ဆေးစွမ်း ကောင်းများ ဖော်ထုတ်ကာ ပြည်သူများ ယုံကြည် ကိုးစား ရုံသာမက နိုင်ငံတကာ သို့ ထိုးဖောက် ၀င်ရောက်နိုင်ရန် အရည်အသွေး မြှင့်တင် ထုတ်လုပ် ကြရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

( ၂၀-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


No comments:

Post a Comment